Friday, March 16, 2012

ဒေါ်အောင်ဆန်းစုကြည် မကွေးစည်းရုံးခရီးစဉ် ကွင်းရရှိရန် ကြိုးစားနေဆဲဟုဆို 
 ယခင်သီတင်းပတ် မွန်ပြည်နယ် ခရီးစဉ် အတွင်းတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်
မတ်လ ၁၆၊ ၂၀၁၂ (YPI)

လာမည့် မတ်လ ၂၇ ရက်နေ့ တွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွက် မကွေးမြို့သို့ ကွင်းရရှိရန်အခက် အခဲဖြေစ်နေသောကြောင့် ကြိုးစားနေဆဲဖြစ်ကြောင်း မကွေးမြို့ NLDအောင်နိုင် ရေးကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးရဲတင့်က ပြောသည်။

“အခုကြားတာက တိုင်းကော်မရှင်ရုံးက ကွင်းကိုခွင့်ပြုလိုက်ပြီးလို့ ပြောတယ် ၊ဒါပေမယ့် ၀န်ကြီးချုပ်က ကွင်းအခြေ အနေသွားကြည့်နေဆဲ၊ စစ်ဆေးနေဆဲ ပေးမပေး မသေချာသေးဘူး”ဟု ဆိုသည်။

မကွေးတိုင်း ခရီးစဉ်အတွက် မြသလွန် ဘုရားပွဲ နှစ်စဉ်ကျင်းပရာ ဧရာဝတီ မြစ်ကမ်းနဖူးရှိ နံကပ်ကျွန်း ကျေးရွာပိုင်ကွင်း ကိုလျောက်ထားရာ အဆိုပါကွင်းကိုပိုင်သည့် ဘုရားဂေါကပအဖွဲ့က ခွင့်ပြုချက်ပေး ခဲ့သည်။

သို့ရာတွင် မကွေးတိုင်းဝန်ကြီးချုပ်က ယခုချိန်ထိခွင့်ပြုချက် မပေးသောကြောင့် စီစဉ်ရန်အခက် အခဲဖြစ်ကြောင်း ၎င်းက လက်ရှိအခြေအနေကို ရှင်းလင်းပြောပြသည်။

အဆိုပါကွင်းသည် ၁၉၈၈ မျိုးဆက် ကျောင်းးသားတဦးဖြစ်သူ ဦးအေးလွင် နှင့်အဖွဲ့က ယခင်က ဟောပြော ပွဲများကျင်းပခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ စည်းရုံးဟောပြောခွင့်ရရှိထားသည့် ကွင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့က အရင်က စည်းရုံးခွင့်ရထားတဲ့ အကြောင်းတွေလည်း တင်ပြထားတယ်၊ အခုနေပြည်တော် ကကော်မရှင်ရုံးကိုလည်း တင်ပြထားတယ်၊ ဒီကွင်းပဲရအောင် ကြိုးစားသွားမယ်၊ နောက်ဆုံး ခွင့်ပြုချက်မပေးရင် (NLD) ဗဟိုကိုရော၊ အာဏာပိုင်တွေနဲ့ ပတ်သက်ရင် အခြားအဆင့်မြင့် ဋ္ဌာနတွေပါ တင်ပြသွားမယ်”ဟု၎င်းက ဆိုသည်။

အဆိုပါကွင်းကိစ္စနှင့်ပတ်သတ်၍ မကွေးမြို့နယ်ကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးလှအောင်အား မေးမြန်းခဲ့ရာ ၎င်းအနေဖြင့်ကွင်းကိစ္စနှင့်ပတ်သက်၍ တစုံတရာ သိရှိထားခြင်းမရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဧ။် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လ လဆန်းပိုင်းမှစ၍ လူထုစည်းရုံးရေးခရီးစဉ်များနိုင်ငံအနှံ့သွားလျှက်ရှိရာတွင် လူထုဟောပြောပွဲ ကွင်းနေရာနှင့် ပတ်သက်ပြီး အဖုအထစ်များမကြာခဏ ကြုံတွေ့နေရသည်။

၎င်းတို့ထဲမှာ မန္တလေးတိုင်း ခရီးစဉ် တွင်တောင်းဆိုသည့် ကွင်းမရရှိခြင်းကြောင့် ရွေ့ဆိုင်းခဲ့ရပြီး မော်လမြိုင်ခရီး စဉ်တွင်လည်း ဟောပြောပွဲ ကျင်းပလိုသည့် သံလွင်ဥယျာဉ် ကွင်းအစား ၆မိုင်ကျွဲခြံကွင်းသာ သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ လားရှိုးမြို့သို့ရောက်ရှိနေပြီး မနက်ဖြန်တွင် လားရှိုးမြို့ ရန်တိုင်အောင် ကွင်း၌ လူထုမဲဆွယ်စည်းရုံးဟောပြောပွဲကျင်းပမည်ဖြစ်သည်။       ။

No comments:

Post a Comment