Tuesday, March 6, 2012

မြန်မာမလေးတွေ မြန်မာနဲ့ တူစေချင်
 ’လူမှာ အဝတ်၊ တောင်းမှာအကွပ်’.. တဲ့။ ဟုတ်ကဲ့- အဲဒီ အဝတ်အကြောင်းလေး နည်းနည်း ပြောပါရစေ။ လူနဲ့ တိရစ္ဆာန် ကွာ ခြားချက်ထဲမှာ အဝတ်ဝတ်ခြင်း၊ မဝတ်ခြင်း လည်း ပါပါတယ်။ လူတွေက အသိတရား ရှိ တော့ ရှက်ရမယ့် အရာကို ရှက်ရကောင်းမှန်း သိကြပါတယ်။ ဖုံးရပါတယ်။ ဖိရပါတယ်။ တိရစ္ဆာန်တွေ ကတော့ ဒီလို အသိမျိုးမှ မရှိတာ လေ။ ခုတလော.. 
 
အဖော်အချွတ် တွေကို အလှလို့ ထင်ပြီး ဟိုနေရာဖော်၊ ဒီနေရာ ဖော်တွေကို လူသူ စည်ကားရာ အရပ်တွေ မှာ တောင် တွေ့နေရပါပြီ။ ဘုရားပေါ်ကို ပေါင်ရင်းထိတိုအောင် ဖော်ထားတဲ့ ဘောင်းဘီတို နဲ့ တက်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး တစ်ယောက်ကို တွေ့ဖူးတယ်။ ဘယ်သူက အမြင် မတော်လို့ မစလိုက်တဲ့ ပုဆိုးကြီးမှန်း မသိဘူး။ ပတ်လာတယ်။ ပြီးတော့ အဲဒီ ပုဆိုးကြီးကို လက်နှစ်ဖက်နဲ့ ဟဟပြီး ဖွင့်လိုက် ပိတ်လိုက် လုပ်ပြနေသေး တယ်။ အထဲက သူဝတ်လာတဲ့ ပေါင်တိုကို မြင်အောင် ထင်ပါရဲ့။ ရိုက်ချင် လိုက်တာ။ စိတ်ထဲမှာ မိဘတွေက မဆုံးမ ဘူးလား။ ဆရာ၊ ဆရာမတွေက မပြောဘူးလား။ မဟုတ်တာ လုပ်စားနေတဲ့ ကောင်မလေးလား…ဆိုတဲ့ မေးခွန်းတွေ ဖြစ်လာတယ်။ အလှဆိုတာ ပြသင့်တဲ့အလှ ရှိသလို မပြသင့်တဲ့ အလှ ဆိုတာလည်း ရှိတယ် လို့ ပြောပြချင်မိတယ်။
သရုပ်ဆောင်တွေက ဝတ်ပြတိုင်း လိုက်ပြီး အတုယူသင့်၊ မသင့် ဆိုတာ စဉ်းစားရမယ် လေ။သူတို့က သူတို့အလုပ် သူတို့လုပ်နေကြတာ။ လမ်းမလယ်မှာ၊ ဘုရားမှာ အဲဒီလို ဝတ်ပြီး လျှောက်သွား မနေဘူး။ စစ်ကြိုခေတ်က ဆရာကြီး ဒဂုန်တာရာ ရေးခဲ့တဲ့ ‘မျိုးချစ်မောင်’ ဆိုတဲ့ ဝတ္ထုတိုလေးကို သွားသတိရမိတယ်။ ပင်နီအင်္ကျီ၊ယော ထဘီ ဝတ်တဲ့ တက္ကသိုလ် ကျောင်းသား မျိုးချစ်မောင်တွေကို အပြင်က လူငယ်တွေက လိုက်ပြီး အတုခိုးကြရတာ။ အခုခေတ်မှာတော့ တက္ကသိုလ်ကျောင်းသား ၊  ကျောင်းသူတွေ က သရုပ်ဆောင်တွေကို လိုက်အတုခိုးတာမျိုး ဖြစ်နေတယ်။ ပြောင်းပြန် ဖြစ်နေတယ်။ ဒီအကြောင်းတွေကို ကျွန်မ သင်ရတဲ့ အတန်းတွေ မှာ ကြုံရင် ကြုံသလို ပြောပါတယ်။ ‘ကျွဲပါးစောင်းတီး’ သလိုများ ဖြစ်နေသလား လို့လည်း စဉ်းစားမိပါတယ်။ စကားကြီးဆ ယ်မျိုးထဲက ‘ဆီပွတ် ကျည်ပွေ့နည်း’ အတိုင်း  ထပ်ခါ ထပ်ခါ ပြောပါတယ်။ ပြောရမယ့် တာဝန်က ဆရာမတွေရဲ့ တာဝန် မဟုတ်လား။ ဆရာ ဖေမြင့်ရေးတဲ့ နှလုံးသား အာဟာရ ရသစာ များထဲက ‘တစ်ကြိမ်မှာ တစ်ခု’ ဆိုတဲ့ စာလေး အတိုင်းအမြဲ နှလုံးသွင်းမိ တယ်။ ကြယ်ငါးလေး တစ်ကောင် အသက် ရှင်ခွင့်ရအောင် ကမ်းပေါ်တင်နေတဲ့ ကြယ်ငါးတွေကို ပင်လယ်ထဲ ရောက်ပြီး အသက်ပြန် ရှင်အောင် လုပ်ပေးနေတဲ့ သူလိုမျိုးပေါ့။ တစ်ခါတလေ တော့လည်း စဉ်းစားမိတယ်။ သူတို့က အသက်ကော ပြန်ရှင်ချင်ကြ ရဲ့လားလို့။ ပြောသာပြောရ တာ၊ပြောရင်း နဲ့တောင် အားမရှိချင်ဘူး ဖြစ်လာတယ်။ ဒါပေမဲ့ ဆက်ပြီး တော့ ပြောချင်သေးတယ်။ ခုဆို ထဘီရင် ရှားလို အင်္ကျီ ပုံစံတွေ၊ ရသေ့ အင်္ကျီလို ပခုံး တစ်ဖက် ဖော်ထားတဲ့ အင်္ကျီပုံစံ မျိုးတွေကို မြန်မ့ာရုပ်ရှင်၊ ဂီတလောကမှာ တော်တော် လေးတွေ့ရတယ်။ ချက်ဖော်၊ ပေါင်ဖော်ရုံ မကဘူး။ အားလုံးကို မပွင့်တပွင့် ဖော်ပြချင် တဲ့ပုံစံမျိုးလို့ ထင်တယ်။ လှလို့ ဖော်ပြချင်တာ လား..လို့ တွေးမိပါတယ်။ ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းထဲမှာ ဟန်စုထက်ရဲ့ ‘ပြေးလမ်းပေါ်က ဖူးငုံ’ ဆိုတဲ့ ကဏ္ဍလေး ဖတ်မိတဲ့အခါ ဝေမျှချင်စိတ် ဖြစ်မိပါတယ်။ မြန်မာနိုင်ငံနဲ့ ဝေးရာ Brown University,Providence, Rhode Island မှာ အပြည်ပြည် ဆိုင်ရာ လေ့လာရေး နဲ့ စာပေ အနုပညာ ဘာသာတွေ အထူးပြု သင်ကြားနေတဲ့ အဲဒီအချိန်မှာ အသက်၂ဝ သာ ရှိသေးတဲ့ ‘သီရိမျိုးကျော်မြင့်’ ပြောတာ လေးတွေကိုပါ။ အမေရိကန် ပြည်ထောင်စုမှာ ကြီးပြင်းခဲ့သူလေး ဖြစ်ပေမယ့် ဗမာဆန်ဆန် လေးဝတ်ထားပါတယ်။ ဆံပင်ကို နှစ်စုခွဲပြီး ကျစ်ဆံမြီး ကျစ်ထားတယ်။ ဗမာယောလုံ ချည်လေး ဝတ်ထားတယ်။ ကျွန်မတို့ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လည်း နိုင်ငံခြားမှာ နေခဲ့ပေမယ့် ဗမာလိုပဲ အမြဲဝတ်တာထည့် ပြောချင်မိတယ်။ ၂ဝ၁၁ ဖေဖော်ဝါရီလ ထုတ် Reader Digest မဂ္ဂဇင်းမှာ NORIKO OHTSU ရေးတဲ့ ‘MY FRIEND SUU’ ဆောင်းပါးကို ဖတ်ရတယ်။ စာရေးသူ က ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ တက္ကသိုလ် တက်ခဲ့တုန်းက သူငယ်ချင်းပါ။ ဂျပန်လူမျိုး ပါ။ (စာ-၁၂၄) My first sight of Suu was of a beautiful young girl pushing a pram,wearing longyi the Burmese national dress,similar to a sarong-her hair in a ponytail with a fringe hanging down over her forehead တဲ့။ အဲသလို ဝတ်ထားတာ ဆယ်ကျော်သက်လေး နဲ့ တူနေပါတယ်တဲ့။ အသက်၂၉နှစ် ဆိုတာကို စာရေးသူက မယုံဘူးတဲ့။
သီရိမျိုးကျော်မြင့်ကို မေးတဲ့ ဟန်စုတင် ကိုလည်း လေးစားမိပါတယ်။ မြန်မာပြည်ကို ပထမဆုံး ရောက်လာဖြစ်ခဲ့တဲ့ မြန်မာတစ် ယောက်ရဲ့ စိတ်ခံစားမှုကို မေးပါတယ်။
‘အခုကျတော့ မြန်မာတွေ အနောက် နိုင်ငံက အတိုင်း ဝတ်နေကြတော့ တအား အံ့သြမိပါတယ်။ ဆံပင် ပုံစံတွေ ကလည်း အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ကောက်ထား တာ တွေရော၊ ဖြောင့်ထား တာတွေရော ဆိုတော့လေ။ ကျွန်မ မြန်မာပြည်ကို မလာခင်သိ ထားတာနဲ့ အခု ဖြစ်နေတာတွေက တအား ကွာခြားနေတယ်လေ’(စာ-၈၆)
Modernization နဲ့ Westernization ကွာခြားမှု အပေါ်ပြောသွားတာလေးကို ဒီကနေ့ မြန်မာ လူငယ်တွေကို ထပ်ဆင့်ညွှန်းချင်ပါတယ်။ ‘လူအများက ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ ပြောင်းလဲ တိုးတက်မှုမျိုးကို ကောင်းတယ်လို့ ထင်ကြတယ်။ တကယ်မှာတော့ Better Technology, Better Education, Better Rosource နည်းပညာသစ် ၊အဆင့်မြင့် ပညာ ရေး၊ကောင်းမွန်တဲ့ အရင်းအမြစ်တွေ ရှိမှသာ လျှင် Modernization လို့ သတ်မှတ်နိုင်မှာ ပါ။ နိုင်ငံခြားက ခေတ်မီတဲ့ နည်းပညာ၊ ပညာရေး စတဲ့ အရင်းအမြစ်တွေကို မယူနိုင်ဘဲ ယဉ်ကျေးမှုတွေ ကိုသာ ရပြီး အထင်ကြီးနေကြတယ်။ ကောင်းတာ ဆိုးတာကို မခွဲခြားနိုင်သေးဘူး။ ဒီလို ယဉ်ကျေး မှု ပြောင်းလဲတာကို ပဲ ခေတ်မီ နေပြီလို့ ယူဆနေကြတယ်။ ဒါဟာ Westernization ပါ။ Modernization မဟုတ်ပါဘူး။ ဒီနှစ်ခု မတူတာကို မခွဲခြား တတ်ဘူး။ တချို့က အတုခိုးတာတွေ မှားနေကြတယ်။ အဓိကကတော့ ကြော်ငြာတွေပါ ပဲ။ ကြော်ငြာတစ်ခုက မြန်မာပြည်သူ အများစုကို ကိုယ်စားပြုနေတာလေ။ နိုင်ငံခြားက စတိုင် အတိုင်း အဝတ်အစားတွေကို လိုက်ဝတ်နိုင်ရင် ခေတ်မီတယ်လို့ ထင်နေကြတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ ဘာတွေ တိုးတက်ပြောင်းလဲ နေလဲဆိုတာကို လေ့လာ မဆန်းစစ်တော့ဘူး။ ခေတ်မီ တိုးတက်တယ် ဆိုတဲ့အမြင်က လူလူချင်း ရိုင်းပင်းကူညီတဲ့ စိတ်ဓာတ်ပါပဲ။ ဆွီဒင်နိုင် ငံမှာက လူမှု စောင့်ရှောက်မှုတွေ၊ ကျန်းမာရေး အသိ ပညာပေးမှုတွေ ရှိတော့ ခေတ်မီတိုးတက် တာပေါ့’ (စာ-၈၇) လို့ဖြေကြားထားတာကို ဖတ်မိကြရဲ့လား… တွေးမိပါတယ်။ ဖတ်မိ ရင်ကော ဘာကို ဆိုလိုသလဲ ဆိုတာ သိရဲ့လား …စိတ်ပူမိပါတယ်။ လူတစ်ယောက် လေးစား အားကျရတဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီး အဲဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေး အဆင့်အတန်းကို အကဲ ခတ်နိုင်ပါတယ်။ ကိုယ်ဟာ ဘယ်လိုလူမျိုးကို အားကျ အတုယူသင့်သလဲ..ဆိုတာ လူတစ်ယောက်ရဲ့ ဥာဏ်ရည် အဆင့်အတန်းက ဆုံးဖြတ်ပါတယ်။ ‘စကား စကားပြောပါ များစကား ထဲက ဇာတိပြ’ သလို သူတို့ရဲ့ဝတ်ပုံ၊ စားပုံ၊ နေထိုင် ပုံတွေကလည်း ဇာတိပြတယ်လို့ ဆိုချင်ပါတယ်။
အထူးသဖြင့် ကျောင်းသား၊ လူငယ်၊ လူရွယ်လေးတွေ ကျောင်းသွားတဲ့ အခါ ပုဆိုး၊ လုံချည်(ထဘီ) ဝတ်ရတာမျိုး အထိ ကန့်သတ် ထားရတဲ့ အခြေအနေမျိုးဟာ မဖြစ်သင့်ပါဘူး။ ကိုယ့်အသိစိတ်နဲ့ ကိုယ် ကျောင်းသွားတဲ့အခါ ဘယ်လို အဝတ်အစားမျိုး ဝတ်သင့်သလဲ သိရမှာပါ။ ဘုရားသွားတဲ့အခါ မလုံမခြုံ အဝတ် အစားတွေ ဝတ်သင့်ရဲ့လား…စဉ်းစားရမှာပါ။ လူကြားသူကြားထဲ ရောက်မှ မမြင်သင့် မမြင်အပ်တဲ့ အရာတွေကို မြင်မှာစိုးလို့ ဒူးကိုဆွဲဖုံးလိုက်၊ ပေါင်ကို ဆွဲဖုံးလိုက် လုပ်နေ တာမျိုးတွေဟာ အမြင်မတော်လှပါဘူး။ ကြည့်ချင်တဲ့ သူတွေကတော့ ကြည့်ကောင်းလို့ ကြည့်နေမှာပါပဲ။ မိန်းကလေးတွေ အရက် သောက်တာကိုတောင် မှ ကောင်း ချီးပေးနေတဲ့ သူတွေ ရှိတယ်။ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့ မြန်မာ မိန်းကလေးတွေ အကုန်လုံး အရက်သောက်ကြမယ် ဆိုရင် ဘယ်လိုဖြစ်ကုန် မလဲ..လို့။ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ နိုင်ငံထက်တောင် ဆိုးသွားမလားပဲ။ စိတ်မပူပါ နဲ့..အခုလည်းပဲ ကျောင်းသား လူငယ်လေးတွေ တော်တော် များများဟာ ကျောင်းလစ်ပြီး ဘီယာဆိုင် ရောက်နေကြပါပြီ။ မကြာခင်မှာ ကျောင်းသူလေးတွေလည်း သောက်တော့မယ့် အလားအလာ ရှိနေတယ်။ တချို့ဆို သောက်နေကြပြီလို့ သိရတယ်။ သီရိမျိုးကျော်မြင့် ပြောတဲ့ ကြော်ငြာ တစ်ခုရဲ့အစွမ်းပါပဲ …အနောက်နိုင်ငံက လူတွေရဲ့ ဝတ်ပုံစားပုံ ကို လိုက်အတုခိုးရတဲ့ ကိစ္စက လွယ်တယ်လေ။ သူတို့လို နည်းပညာတွေ ၊ဥာဏ်ပညာတွေ တိုးတက်အောင် လိုက်လုပ်ဖို့က လွယ်မှ မလွယ်တာ..လို့ စဉ်းစားမိပါတယ်။ ရိုင်းပင်းကူညီ စိတ်တွေ၊ စာနာစိတ်တွေ ၊မေတ္တာ စိတ်တွေ ထား ဖို့ ဆိုတာက တကယ့် လက်တွေ့မှာ သိပ်ခက်တာ မဟုတ်လား။ ခက်တဲ့ အရာကိုပဲ ခက်မှန်းသိ လျက်နဲ့ ကြိုးစားကျင့်ကြံ လုပ်ဆောင်သင့်တယ် လို့ ဆိုချင်ပါတယ်။ ကျွန်မ နားထောင်ဖူးတဲ့ သီချင်း စာသားလေးကို ထပ်ဆင့် လက်ဆင့်ကမ်း ပါရစေ။ ‘မြန်မာမလေးတွေ မြန်မာနဲ့ တူစေချင်’ ‘မြန်မာမလေးတွေ မြန်မာနဲ့ တူစေချင်’
(မှတ်ချက်…ထိုစာသားကို သီချင်း ဆိုသည့် အတိုင်း သံနေသံထားနှင့်ဆိုရန်)
ရာသက်ပန်(တောင်ငူဆောင်)

No comments:

Post a Comment