နှစ်သိန်းတန်ဖုန်း ရန်ကုန်၊ မန္တလေးတွင် ကနဦး အသုံးမပြုနိုင်   
ရန်ကုန်၊ မတ် ၆
ရန်ကုန်၊ မတ် ၆
 မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက  ကျပ်နှစ်သိန်းဖြင့် မတ်လလယ်တွင် စတင် ရောင်းချမည့် အင်တာနက်လိုင်း  ပူးတွဲပါသည့် GSM ဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့တွင်  ဧပြီလကုန်အထိ အသုံးပြုနိုင်မည် မဟုတ်ကြောင်း ယင်းဖုန်းများ ရောင်းချမည့်  E-lite Tech မှ အထွေထွေ မန်နေဂျာ ဦးမင်းဆက်ပိုင်က The Voice Weekly သို့  ပြောကြားသည်။
GSM ဖုန်းများကို အဆိုပါ မြို့ကြီး  နှစ်မြို့မှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖုန်းအရောင်းဆိုင်  များတွင် ကျပ်နှစ်သိန်းဖြင့်ပင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ GSM ဖုန်း  ဈေးနှုန်းထက် CDMA 800 Mhz ဖုန်းများ ကျပ်ငါးသောင်း ဈေးပိုရခြင်းမှာ  အင်တာနက်လိုင်း ပိုမိုကောင်းမွန် သောကြောင့် ဖြစ်ကြောင်း E-lite မှ အရောင်း  တာဝန်ခံ ဦးသက်နိုင်ဝင်းက ရှင်းပြသည်။
 ယင်းဖုန်းများကို ရန်ကုန်နှင့် မန္တလေး  မြို့တော်များတွင် ဧပြီလ ကုန်ပိုင်းမှ စ၍ ရောင်းချသွားမည် ဖြစ်ကြောင်း  ဦမင်းဆက်ပိုင်က ပြောဆိုပြီး အတည်မပြု နိုင်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏  ကြေညာချက်ဟု ယူဆရသော ထုတ်ပြန်ချက် တစ်ရပ်တွင်မူ မေလဆန်းတွင် စတင်  ရောင်းချမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
 " စိတ်ကို ပျက်သွားတာပဲ၊ တစ်ခါတည်း  အဆင်သင့် ဖြစ်မှပဲ (တစ်နိုင်ငံလုံးကို) ရောင်းသင့် တာပေါ့ " ဟု တန်ဖိုးနည်း  ဖုန်းများ ပေါ်လာမည် ဟူသော သတင်းကြောင့် ဝယ်ယူရန် စောင့်ဆိုင်းနေသည့်  မရမ်းကုန်း မြို့နယ် ၄ ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်သက်ဦးက ဆိုသည်။
 စီမံကိန်းမှာ တစ်နိုင်ငံလုံးအတွက်  ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများကို  ချန်ထားမည် မဟုတ်ဘဲ ထည့်သွင်း စဉ်းစားထားကြောင်း၊ သို့သော် ယခု  ထွက်ပေါ်နေသည့် သတင်းအတွက် တစ်စုံတစ်ရာ မှတ်ချက်ပေးမည် မဟုတ်ဘဲ  ၎င်းတို့ဌာနနှင့် ပတ်သက်သည့် သတင်းများကို နိုင်ငံပိုင် သတင်းစာများ၊ ရုပ်သံ  မီဒီယာများတွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး  လုပ်ငန်းမှ တာဝန်ရှိသူများက အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း  ပြောကြားသည်။
 ယင်းမှာ ရန်ကုန်နှင့် မန္တလေး  မြို့များတွင် တာဝါတိုင် စိုက်ထူခြင်းများ မပြီးသေး သောကြောင့်  ဖြစ်နိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ  စုံစမ်းသိရှိ ရသည်။
 အခြား မိုဘိုင်းလ်ဖုန်းများ ဖြစ်သည့် CDMA  800MHz ဖုန်းများကို ကျပ်နှစ်သိန်းခွဲ၊ CDMA 450MHz ဖုန်းများကို ကျပ်  နှစ်သိန်းဖြင့် ယခင် ရောင်းချနေသည့် ရန်ကုန်၊ မန္တလေး အပါအဝင်  တစ်နိုင်ငံလုံးရှိ ဆိုင်များတွင် မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဈေးလျှော့  ရောင်းချသွားမည် ဖြစ်ကြောင်း E-lite မှ တာဝန်ရှိသူများက ရှင်းပြသည်။
 " မြို့ကြီးမှာ နေတဲ့သူတွေက CDMA ပဲ  ဝယ်ကိုင်ရမလို ဖြစ်နေတာပေါ့၊ ရွေးချယ်ခွင့် မရှိတာ ဘယ်ကောင်းမလဲ " ဟု  ရန်ကုန်မြို့နေ အသက် ၂၄ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တစ်ဦးက ဆိုသည်။
 ယင်းဖုန်းများ ရောင်းချတော့မည့်  သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင်များမှာ ကျပ်နှစ်သောင်းကျော် တန်ဖိုးရှိ  တန်ဖိုးနည်း ဟန်းဆက်များ ရောင်းချရန် စီစဉ်နေကြသည်။
ယခု စတင် ရောင်းချမည့် အစီအစဉ်မှာ GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်း၏ ပထမနှစ် ဖြစ်သော လေးသန်း စီမံကိန်း အတွက် ဖြစ်သည်။



 
 
 
 
 
 
 
 
 

No comments:
Post a Comment