Sunday, April 15, 2012

Here-and-Now

အမြင်ကတ်ပုဒ်မ နဲ့လား မသိ- တစ်ယောက်က ဆိုပါတယ်-
..................
Question: "အခုအချိန် အခုနေရာ" (Here and Now) ဆိုတဲ့ စကားကို ခင်ဗျား ခဏခဏ သုံးတယ် ပြောတယ်။ "အခု"ကို ဘယ်လိုသိရမှာလဲ?
...................
Ans: အိုး ! ရှိစုမဲ့စု ဘုရားသခင် ! ခင်ဗျား "အခု" ကို မသိဘူးလား။ ခင်ဗျား အခု ဗိုက်ဆာ နေမယ်- ဒါဆို အခု သိလား။ အခု ခေါင်းကိုက်နေရင်ကော အခု သိလား။ အခု နေထွက်နေရင်ကော ခင်ဗျား သိပါသလား။

အဲ့ဒါတွေကို မသိရင် - "အခု" ကို ဘယ်လို သိရမှာလဲ ဆိုတဲ့ မေးခွန်းဟာ ~ "အခု"ကို ခင်ဗျား ဘယ်လို တွေးရမှာလဲလို့ မေးတာနဲ့ အတူတူ ဖြစ်နေပါတယ်။ စင်စစ် ခင်ဗျား သိဖို့ ဆိုတဲ့ မေးခွန်း ဟာ - ခင်ဗျား သိဖို့ မဟုတ်ဘဲ ~ တွေးဖို့ တာစူနေတာ သာ ဖြစ်လိမ့်မယ်။
အတွေး ဟာ ဘယ်တော့မှ "အခု" တည့်တည့်မှာ မရှိဘူး။ အကြောင်းက- "အတွေး" ဆိုတာ "အခု တည့်တည့်မှာ မနေနိုင်စွမ်း" ကိုသာ ဆိုလိုပါတယ်။ အတွေး ရှိရင် ခင်ဗျား "ပစ္စုပ္ပန် တည့်တည့်၊ အခု တည့်တည့်" မှာ မရှိဘူး။ ရှိလို့လည်း မရဘူး။ တွေးတယ် - ဆိုကတည်း က - အဲ့ဒီ အတွေး ဟာ အတိတ်နဲ့ အနာဂတ် ကိုသာ တွေးလို့ ရပါတယ်။ "အခု"ကို ဘယ်တော့မှ မတွေးနိုင်ဘူး။ ဒါကို မဟုတ်ပါဘူး လို့ ခင်ဗျား ငြင်းလိုပါသလား ~
အခု ချက်ချင်းပဲ ပစ္စုပ္ပန် တည့်တည့် အပေါ် ခင်ဗျား တွေးကြည့်ပါ။ ခင်ဗျား တွေးတဲ့ အတွေးဟာ "အတိတ်" ဖြစ်သွားပါလိမ့်မယ်။ ခင်ဗျား များများ တွေးလေ ~ ခင်ဗျား အတွေးဟာ - အတိတ် (ဒါမှ မဟုတ်) အနာဂတ် တစ်ချိန်ချိန် အတွက် ဖြစ်သွားလေပဲ။
ခင်ဗျား အတိတ်မှာ ခင်ဗျား အတွက် မှတ်သားစရာ တွေ၊ ထင်ကျန်ရစ် စရာတွေ၊ အတွေ့ အကြုံ တွေ များများ ရှိနေမယ် ဆိုပါစို့။ ဒါဆို ခင်ဗျား များများ တွေးနိုင်နေပါတယ်။ အလားတူ - ခင်ဗျား အနာဂတ် အတွက် ရှည်ရှည် ဝေးဝေး မျှော်လင့်ချက် ကြီး တွေ ရှိနေမယ်~ မဟာ့ မဟာ စီမံကိန်း ကြီးတွေ ရှိနေမယ် ဆိုပါစို့၊ ဒါဆို ခင်ဗျား များများ တွေးဖြစ်မှာပါပဲ။
ဘာလို့ဆို "အတွေး" အတွက် အချိန် ဆိုတာရဲ့ အညွှန်းဘောင်ဟာ ရှည်နိုင်သမျှ ရှည်ရှည် - လိုကို လိုအပ်နေပါတယ်။ ဒါပေမယ့် - အခု "ပစ္စုပ္ပန်" တည့်တည့်အတွက် အချိန် အညွှန်းဘောင် လုံးဝ မလိုဘူး။ ဒါဟာ "အခု" ကို ခင်ဗျား တွေးမရတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ခင်ဗျား ပစ္စုပ္ပန် တည့်တည့် အပေါ် ကြည့်တဲ့ ခဏ - အတွေးစိတ်ကူး ဆိုတာ မဝင်ဘူး။ အသိ သက်သက်သာ ရှိတယ်။ အခု တည့်တည့် အပေါ် ခင်ဗျား အသိရှိရှိ နေကြည့်နိုင်တယ်။ ခင်ဗျား ခန္ဓာဟာ အခု တည့်တည့် မှာသာ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို "အခု" အပေါ် ကြည့်မှတ် နိုင်တဲ့ ခဏတိုင်း - စိတ်ကူး အတွေးက အလုပ်မလုပ်ဘူး။ အလုပ် မလုပ်နိုင်ဘူး။ အတွေးတွေ အတွက် "အခု တည့်တည့်" မှာ နေရာ မရှိဘူး။
ဒါ့ကြောင့် - ခင်ဗျား မေးခွန်း "အခု" ကို ဘယ်လို သိရမလဲ ဆိုတာ အတွက် ကျနော် ဖြေရှင်းချက် မထုတ်ပေး ပါဘူး။ အခု ခင်ဗျား ဒီစာဖတ်နေတယ်။ စကား တစ်လုံးစီ ဖြတ်သန်းသွားမယ်။ စကား တစ်လုံးချင်း၊ စာတစ်ပိုဒ် ချင်း ကျန်ရစ်ခဲ့မယ်။ ဒီအပေါ် ခင်ဗျား သိတာက "သိ" တာပဲ ရှိပါတယ်။ "အကြောင်း" ကို ပြန်တွေးရင် ခင်ဗျား "အခု" ကို သိတာ မဟုတ်ဘူးရယ်- ။ "သိစိတ်" (ဝိညာဏ) သက်သက် ဟာ "အကြောင်းတွေ" အပေါ် အခြေမတည်ဘူး - "အရှိ" အပေါ်မှာသာ အခြေတည် ပါတယ်။
ဒါ့ကြောင့် - "အသိ" သက်သက်မှာ "ဝါဒ" မရှိဘူး။ "ဒဿန" မပါဘူး။ "ဆင်ခြေယုတ္တိ" မလိုအပ်ဘူး။ "အခု" ခင်ဗျား သိနေသလား- ခင်ဗျား "အခု" ရှိရှိသမျှအကုန် ခြုံငုံ ပါဝင်တယ်။ အခုခဏမှာတင် "အသိ" ခဏ ဟာ ပြည့်စုံတယ်။
ဒီအကြောင်းကြောင့် -
All is Here-and-Now. No More.
Here-and-Now is in the Innocence.
"အသိ" သက်သက် ရှိနေပါ- ဒီခဏဟာ ခင်ဗျား အတွက် "အားလုံး" ဖြစ်ပါတယ်။ ဒါ့ကြောင့် "အခုပစ္စုပ္ပန် အသိချည်း သက်သက်" ဟာ ဖြူစင်နေတာ ဖြစ်တယ် လို့ ရှေးရှေး ပုဂ္ဂိုလ်များက ဆိုပါတယ်။
ခင်ဗျား အဘိဓာန်တွေမှာ "အတိတ်"၊ "ပစ္စုပ္ပန်"၊ "အနာဂတ်" ဆိုတဲ့ စကားသုံးလုံး အကြောင်း ရှာကြည့်ပါ။ "အတိတ်"၊ နဲ့ "အနာဂတ်" ကို ကောင်းကောင်း ဖွင့်ဆို နိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် "အခု ပစ္စုပ္ပန်" တည့်တည့် ဆိုတဲ့ အကြောင်း ကိုတော့ ခင်ဗျားကို ကောင်းကောင်း ဖွင့်ပြ ပေးနိုင်မှာ မဟုတ်ဘူးပဲ။ သူတို့ အလွန်ဆုံး ဆိုနိုင်တာက - "အတိတ်" နဲ့ "အနာဂတ်" ကြား တည့်တည့်မှာ ပစ္စုပ္ပန် ရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် ပြောလိုတာက - "အခု" ဟာ "အတိတ်" လည်း မဟုတ်သလို၊ "အနာဂတ်" လည်း မဟုတ်ဘူး။ အလားတူ - "အတိတ်" နဲ့ "အနာဂတ်" ကြားမှာလည်း မရှိဘူး။
ကြည့်ကြည့်ပါ - အတိတ်ဆိုတာ တကယ် မရှိတော့ဘူး။ အနာဂတ် ဆိုတာ တကယ် မရှိလာသေးဘူး။ တကယ် မရှိနေတဲ့ အရာ နှစ်ခု ကြားမှာ အရှိ ထင်ရှားနေတဲ့ "အခု" ဘယ်လိုမှ မတည်ရှိပါဘူး။ စင်စစ် "အခု" အရှိ ဟာ "အသိ" ကိုသာ ဖြစ်စေပါတယ်။ အခုခဏတိုင်း သိနေမယ် ဆိုရင် - ခင်ဗျား အတွက် အတွေး ကို မပေးဘူး။ ဒါ့ကြောင့် "အခု"ကို ဖွင့်ဆို သတ်မှတ်ဖို့၊ "အခု" ကို တွေးကြည့်ဖို့ နည်းလမ်း- အကြောင်းအရာ - ဆိုတာ - အဓိပ္ပာယ် မရှိဘူး။

No comments:

Post a Comment