Saturday, April 14, 2012

နှစ်ပေါင်း ခြောက်ဆယ်ကျော်က စကား

အချိန်မှာလွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်။ အတိအကျဆိုရလျှင် ၆၄နှစ်။ ဗိုလ်ချုပ်အောင်ဆန်း တို့ကျဆုံးပြီးခါစအချိန်။ ၀ါရင့် သမ္ဘာရင့် နိုင်ငံရေးသမားကြီးတစ်ဦး၏ လန်ဒန်တိုင်း(မ်) သတင်းစာ သို့ပြောကြားခဲ့သောမှတ်ချက်စကား။ ယခုလို…..။ “ မြန်မာလူငယ်တွေဟာ လက်နက်ကို အရှုးအမူးစွဲလမ်းသွားကြပြီ။ ဂျပန်ဆီက သူတို့ရခဲ့တာနှစ်ခုရှိတယ်။ ‘နိုင်ငံရေးမှာ နာမည်ကြီး ဖို့လူထုကိုအသုံးချ ၊ အာဏာရဖို့ လက်နက်ကိုအသုံးချ’ ဒီအတိုင်းသာဆိုရင် နောင်…… တိုင်းပြည်အနာ ဂတ်ကို မဲရုံတွေက မဆုံးဖြတ်ဘဲ လက်နက်နဲ့ စကားပြောကြတော့ မှာစိုးရိမ်မိတယ် ” စသဖြင့်။ ဤစကားတွေကို စာရေးသူဖတ်ရသည်မှာ ၁၉၆၂ ခုနှစ်က ထုတ်ဝေခဲ့သော၊ဒေါက်တာမောင်မောင်၏စာအုပ် 


‘ A Trial in Burma: The Assassination of Aung San ’ မှဖြစ်သည်။ ၀န်ခံရလျှင် ဤစာအုပ်ကို ပထမဦးဆုံး အကြိမ်ဖတ်ဖူးစဉ်က မျိုမ ကျနိုင်ခဲ့ပါ။ ဒေါက်တာဘမော်ဆိုသော ပုဂ္ဂိုလ်ကြီးကို (ကိုယ်တိုင်ဟုတ်ဟုတ်ငြားငြား မသိလှဘဲ လူပြောသူပြောနှင့်) မကြည် ညို နိုင်သောကြောင့်ဖြစ်နိုင်သလို “ နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တာပါ ” ဆိုသော ကမ္ဘာသိလက်ဝဲ ခေါင်းဆောင်ကြီး၏ အမှာစကားကို မလွန်ဆန်နိုင်သောကြောင့်လည်းဖြစ်ပါလိမ့်မည်။ နောက်ဆုံးမိမိကိုယ်တိုင် လက်နက်တွေ ကြားရောက်သွားပြီး လက်နက်ကိုင်တိုက်ပွဲ ဆိုသည်ကို ဘေးထွက်ဆိုးကျိုးများနှင့် ဒုတ်ဒုတ်ထိ ကြုံရတော့မှ ဒုတိယအတွေး ဖြင့် ပြန်လည်ဆင်ခြင်မိတော့သည်။ ဆိုရလျှင် ထိုစဉ်ကတည်းက ဒေါက်တာဘမော်၏ နှစ်ပေါင်းခြောက်ဆယ်ကျော်က စကား တွေမှာ စာရေးသူကို မကြာခဏဆိုသလို ထမင်းလုံးတစ္ဆေခြောက်နေခဲ့တော့သည်။ ယခုတစ်ကြိမ် ဒုတိယ အတွေးကို စေ့ဆော်လှုပ်နှိုးလိုက် ပြန်သည်မှာ ဆရာအတ္တကျော်ဖြစ်ပါသည်။ မကြာသေးမီက ဆရာနှင့် အတူမော်လမြိုင်စာပေဟောပြောပွဲသို့ သွားဖြစ်ခဲ့သည်။ ဤဟောပြော ပွဲမှာပင်ဆရာက အဆိုပါ ဒေါက်တာမောင်မောင်၏ စာအုပ်ကို ကိုးကားပြီး ဆိုခဲ့ပါ ဒေါက်တာဘမော်၏ စကားကို ပြန်လည်ပဲ့တင် ထပ်လိုက်ရာ စာရေးသူမှာဘာစကားမှ မဆိုနိုင်။ နောက်တစ်ကြိမ် ထမင်းလုံး တစ္ဆေအခြောက် ခံလိုက်ရသည်။ နှစ်ပေါင်းခြောက်ဆယ်ကျော် မြန်မာ့နိုင်ငံရေးခရီး ၊ ထိုခရီးစဉ် ထက်မှ မိမိဘ၀၏ အကွေ့အကောက် ၊ အဆစ်အပိုင်းများနှင့် ဒုတိယ အတွေးများ။ နောက်ဆုံး…လက်ရှိမြန်မာ့ နိုင်ငံရေးအ လှည့်အပြောင်း အပေါ်တင်ကြည့်လိုက်ရာ ၊ မိမိပတ်ဝန်းကျင်မှ “ ရဲတင်းသံ ” တွေကိုကြားနေရဆဲရှိသည်။ သြော်စစ်သွေးတွေ ဝေကြဆဲပါလား..။ (ဒေါက်တာမောင်မောင် စာအုပ်ကိုအလွယ်တကူပြန်ရှာမရ၍ စာမျက်နှာ အညွန်းနှင့် မဖော်ပြနိုင် သည်ကိုခွင့်လွတ်စေချင် သည်။ စကားလုံးအတိ အကျမဟုတ်သည့်တိုင် ဆိုလိုချက်မှာ မလွဲ နိုင်ဟုထင်ပါသည်။ ဤကားစကားချပ်) လမ်းနှစ်သွယ် (ဂင်္ဂါ နှင့် ဧရာ) စာရေးသူတို့ နိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးတို့ကြားတွင် တူညီသောဖြတ်သန်းမှုတွေ အတော်များများရှိခဲ့သည် ထင်ပါ သည်။ ဗြိသိသျှနယ်ချဲ့စနစ်၏ ကိုလိုနီဘ၀ကို နှစ်ပေါင်းမြောက်များစွာ ဖြတ်သန်းခဲ့ရတာချင်းတူသည်။ အမျိုးသားလွတ်လပ် ရေးအတွက် ကာလတာရှည်ရုန်းကန်ခဲ့ရတာချင်းလည်း တူသည်။ ဤမျှရှည်ကြာသော သမိုင်းခေတ်ကြီးကို ဖြတ်သန်းရင်း နှစ်နိုင်ငံခေါင်းဆောင်များ အထိအတွေ့အဆက်အဆံများလည်းရှိသလောက် ရှိခဲ့ကြသည်သာဖြစ်ပါသည်။ သို့နှင့်တိုင်မတူ သည် များလည်း ရှိနေသည်ဟု သဘောရသည်။

အထူးသဖြင့် နိုင်ငံများလွတ်လပ်ရေးရပြီး နောက်ပိုင်း ကြုံခဲ့ဆုံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ရပ် များကို ထုဆစ်ပုံသွင်းပေးလိုက်သော လမ်းကြောင်းနှစ်သွယ်။ လွတ်လပ်ရေးကြိုးပမ်း စဉ်ကာလကတည်းက မတူခြား နားစွာရှိခဲ့လေသလား စဉ်းစားမိသည်။ ပြောရလျှင် သူတို့အိန္ဒိ္ဒယအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွင်လည်း လမ်းကြောင်းနှစ်သွယ်ရှိခဲ့သည်သာ ဖြစ်သည်။ “ဂန္ဒီ လမ်းကြောင်း” နှင့် “ဆူဘတ်ချိန်ဒရာဘို့လမ်းကြောင်း” ဟုယေဘူယျဆိုနိုင်ပါလိမ်မည်။ အားလုံးသိကြသည့် အတိုင်း ဂန္ဒီကြီး ကအကြမ်းမဖက်ရေး လမ်းကြောင်းဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်သည်။ လွတ်လပ်ရေး ရည်မှန်းချက် ချင်းတူသည့် တိုင် ၊ ဘို့ ကမူလက်နက်ကိုင်တိုက်ပွဲ လမ်းကြောင်းကို ပိုအာရုံကျခဲ့သည်။ အန္ဒိယ လူထုရွေး လိုက်သည်က ဂန္ဒီလမ်း ကြောင်း။ ဤလမ်း ကြောင်းဖြင့်ပင် လွတ်လပ်ရေး အရယူနိုင်ခဲ့သည်။ လွတ်လပ်သော အန္ဒိယ နိုင်ငံကြီး ပြဿနာ ပေါင်း သောင်းခြောက်ထောင် နှင့် နပန်းလုံးခဲ့ရသည့်တိုင် ဒီမိုကရေစီနိုင်ငံရေး စနစ်ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နိုင်ခဲ့သည် မှဆိုခဲ့ပါ ဂန္ဒီ လမ်းကြောင်းနှင့် ဆက် စပ်နေမည်လား စဉ်းစားစရာရှိသည်။ သေချာသည့် အချက်ကိုဆိုရလျှင် ဂင်္ဂါတွင်စစ်သွေးတွေ မဝေ ခဲ့…………။ ဧရာဝတီ တွင်ကားသွေးချင်းချင်းနီခဲ့ရသည်။ ရဲဘော်သုံးကျိတ် ၊ ဘီအိုင်အေ ၊ ဘီဒီအေ ၊ ပီဘီအက်(ဖ) ၊ ဖက်ဆစ်တော်လှန် ရေး။ ဤတော်လှန်ရေး အဆင့်ဆင့်နှင့်တော်လှန်ရေး ခေါ်င်းဆောင်များ၏ ကျေးဇူးကြောင့် အမျိုးသားတပ်မတော်ရခဲ့သည် မှာမှန်သည်။ လွတ်လပ်ရေး အရယူနိုင်ခဲ့သည်မှာလည်း မှန်သည်။ သို့တစေမြန်မာ့နိုင်ငံရေး အင်အားစုများကြား စစ်သွေးဝေ ကျန်ရစ်ခဲ့သည်ကိုလည်းငြင်းဖို့ခက်လိမ့်မည်ထင်သည်။ နောက်ဆုံးလွတ်လပ်ရေးတိုက်ပွဲ၏ အပြီးသတ်အဆင့်တွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဂန္ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့၍သာ အေးအေးညောင်းညောင်းဖြင့် လွတ်လပ်ရေးအရ ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဤအတွက်ဗိုလ်ချုပ်ကိုယ်တိုင်မှာ စစ်သွေးတွေဝေနေဆဲသူ့မိတ်ဆွေကွန်မြူနစ်များနှင့်လမ်းခွဲ ခဲ့ရ သည်။ နောက်ဆုံးစစ်သွေးကြွနိုင်ငံရေးတွင် အသက်ပင်စတေးခဲ့ရသည်။ ဇတ်နာကြီးမှာဤမျှနှင့်မဆုံး။ လွတ်လပ်ရေးဖွားဖက် တော် ပြည်တွင်းစစ်။ စစ်သွေးတွေကြားမှာ ထိုးထွက်လာရသော ဒီမိုကရေစီသစ်ပင် သက်တမ်းမရှည်မှာ အမှန်စင်စစ် ဘာမှမ ဆန်း။ ဤသည်ပင် ဧရာဝတီ၏ကံကြမ္မာ ဖြစ်ရတော့သည်။ အကွေ့အကောက် ၊ အလှည့်အပြောင်း နှင့် အထုအထောင် ဥပါဒန်အစွဲအလမ်းများ၊အဘယ်မျှအကြောမာလိုက်ပါသနည်း ဆိုလျှင်ပုရွက်ဆိတ်တကောင်ပင်သတ်ဖို့ဝန်လေးသော၊စာရေး သူကိုယ်တိုင်ပင် လက်နက်ကိုင်တစ်ယောက်ဖြစ်သွားသည်အထိပင်။ ဤအဖြစ် ဤသနစ်တွေကိုပြန်ပြောရလျှင် ဘ၀၏ထေ့ ငေါ့သရော်ချင်စရာ(ironic) ဟူ၍ပင် ဆိုရလေမလားမသိ။ စာရေးသူ၏ အစွဲအလမ်းထုထည်ကြီး (ဟိုစဉ်က အမြင်အရဆို လျှင်တော့ ယုံကြည်မှုအစိုင်အခဲကြီး) တဖြည်းဖြည်းအရည်ပျော်သွားခဲ့သည်မှာ လက်နက်ကိုင်တော်လှန်ရေးဆိုသည်ကို ဦးဆောင်နေသော ပါတီကြီးတစ်ခု၏ အလံတော်အောက်ရောက်တော့မှ ဖြစ်သည်။ နေ့မြင်ညပျောက်လူ့အသက်များ ၊ ကြေကွဲစရာကောင်းလောက်အောင်တိတ်ဆိတ်နေသော လူသူကင်းမဲ့သည့်ရွာကြီးများ(ဒေသအခေါ် ‘ရွာဆိုး’ များ)အိုင်တီ ခေတ်ဦးတွင် မော်တော်ကားကိုမှ မမြင်ဖူးသော ရှမ်းဓနုတောင်သူများ။ နိစ္စဓူဝမြင်ကွင်းများက စာရေးသူ၏ ယုံကြည်မှုမာနကို အဆက်မပြတ်ထုရိုက်ဆုံးမနေခဲ့သည်။ “ပြည်တွင်းစစ်တွေဟာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးသစ်ပင် အခြေကသင်းပစ်လိုက်သလိုပဲ” ဆိုသောခေတ်ပြိုင် သမိုင်းပညာရှင် နီး(လ)ဖာဂူဆန်၏ စကားကိုသည်တော့မှ ဆ၀ါးနိုင်တော့သည်။ သွေးမြေကိုကျောခိုင်းခဲ့ပြီးနောက် စာရေးသူ၏အတွေး အမြင်တွေတစ်ဆစ်ချိုးပြောင်းသွားခဲ့ပါသည်။ တစ်ဖက်က ကျူရှင်ဆရာလုပ်ရင်း တစ်သက်လုံးစာပဲဖတ်နေတော့မည်ဟု စိတ်ကူထားခဲ့သည်။ ရှစ်လေးလုံးအလွန် လူငယ်တွေ ဟိုပြေးသည်ပြေးလုပ်ကြတော့ မနေနိုင်ပြန်။ လက်လှန်းမှီသလောက် တားရဆီးရသည်။ ဘာရယ်မဟုတ် ကိုယ့်လို အမြီးမပြတ် စေချင်၍ဖြစ်သည်။ သို့တိုင်တောင် စစ်သွေးတွေဝေနေသော သူတို့တစ်တွေကနားမ၀င်ကြပါ။ တပည့်ရင်းကျောင်းသား တစ်ယောက်ကဆိုလျှင် “ကျွန်တော်တို့အာဏာရရင် ဆရာ့ကို အရင်ဆုံးလာသတ်မယ်” ဟူ၍ပင် ကြိမ်းမောင်းသွားခဲ့သည်။ စိတ်မကောင်းဖြစ်မိရုံမှလွဲ စိုးစဉ်မျှစိတ်မဆိုးမိပါ။ မည်သို့ပင်ရှိ စေ ၊ သူတို့တစ် တွေမှာ စာရေးသူတို့ မျိုးဆက်ထက်တော့ကံကောင်းသည်ထင်ပါသည်။ သွေးမြေတွင်အကြာကြီးမနေခဲ့ရ။ ပြောင်းလဲလာသော ကမ္ဘာနိုင်ငံရေးတူရူချက်နှင့်လည်းဆိုင်ပါလိမ့်မည်။ (ကြမ်းရှသော လက်နက်ကိုင်တော်လှန်ရေး ကို ကမ္ဘာကြီးကလက်မခံတော့။) ဂန္ဒီလမ်းကြောင်းပေါ် ခြေမြဲလက်မြဲရပ်တည်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကိုလည်းကျေးဇူးတင်ကြရမည် ထင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည် ၏အမြင်အချို့ကို သဘောမတွေ့နိုင်သည့် တိုင် ရှစ်လေးလုံး အလွန်လူငယ်အများစုကိုပြည်တွင်းစစ်မီးလျှံများထဲ တိုးဝင်မသွားစေရန် ဂန္ဒီရပ်တည်ချက်ဖြင့် ထိန်းထားနိုင်ခဲ့သည်ကိုမူ အသိအမှတ်ပြုကြရပါလိမ့်မည်။) နောက်ပိုင်းအကြောင်းအားလျှော်စွာ စာရေးဖြစ်တော့လည်း မိမိတို့လိုလက်ဝဲမှန်ပြောင်းတစ်လက်တည်း မကြည့်မိ စေရန် အော်လတာနေးတစ်မှန်ပြောင်းမျိုးစုံကို တတ်စွမ်းသမျှကြိုးစားမိတ်ဆက်ပေးခဲ့သည်။ သည်တော့လည်းမိတ် ဆွေဟောင်းများက ဂိုဏ်းဖွဲ့တိုက်ကြသည်။ အမေရိကနှင့်ပေးစားခဲ့သည်။ သည်လိုနှင့် ၂၀၁၀ ရွေးကောက်ပွဲသို့ ရောက်သောအခါ မိမိ၏သဘောထားအမြင်ကို ထုတ်ဖော်ရေးသားမိ၍ အစိုးရနှင့်ပေးစားကြပြန်သည်။ စာရေးသည့် အလုပ်တစ်ခုတည်းနှင့် မိသားစုတာဝန်ယူထားရသူအတွက် ထမင်းအိုးမကွဲ ကွဲအောင်ခွဲကြသည့် ရည်ရွယ်ချက်ရှိ ရှိ ရိုက်ချက်များနှင့်ပင် ရင်ဆိုင်ခဲ့ရသည်။ ဆိုခဲ့ပါအထုအထောင်း ၊ အရိုက်အပုတ်များကြား ကလောင်ကိုလွတ်မချဖြစ် သည်မှာ “လိပ်ပြာသန့်စိတ်” တစ်ခုတည်းကြောင့်ပင်ဖြစ်သည်။ အိုမင်းတွင်းဆုံးအရွယ်ရောက်နေပြီဖြစ် သောစာ ရေးသူအတွက် အများကြိုက်ပေါ်ပြူလာဖြစ်စရာတွေ အရေးမပါတော့ပါ။ အခွင့်အာဏာဆိုသည်ကိုလည်း တစ် သက်တာလုံးကိုယ်နှင့်မဆိုင်ဟူ၍ သဘောထားခဲ့သူသာဖြစ်သည်။ ငွေကြေးအခက်အခဲနှင့် တစ်သက်လုံးနပန်း လုံးနေရ သူဖြစ်သော်လည်း ငွေမျက်နှာတစ်ခုတည်းသာ ကြည့်ခဲ့လျှင် ဘဝမှာယခုလို ဆင်းရဲနှံချာလိမ့်မည်မဟုတ်။ တစ်မဂ် ၊ တစ်ဖိုလ် မရနိုင်သည့်တိုင် သေခြင်းတရားကိုလိပ်ပြာသန့်သန့် နှင့် ရင်ဆိုင်ဖို့သာရည်ရွယ်ထားပါသည်။ ဤလိပ် ပြာသန့်စိတ်နှင့်ပင် ဟခုစာစုကိုဆက်ပါအုံးမည်။ အဝင်အထွက် (၁၉၆၀ ပြည့်အလွန်မှ ၁၉၉၀ ပြည့်လွန်သို့) အမှန်စစ်စစ် စစ်သွေးတွေဝေခဲ့သည်မှာ စာရေးသူတို့တစ်နိုင်ငံတည်းတော့ကားမဟုတ်။ ဒုတိယကမ္ဘာစစ်နောက် ပိုင်း လွတ်လပ်ရေးရပြီးခါစ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများ၏ အခြင်းအရာဟူ၍ပင်ဆိုနိုင်လောက်သည်။ စစ်ပြီး ခေတ်နိုင်ငံတကာ အခင်းကိုယ်တိုင်ကလည်း စူပါ ပါဝါအုပ်စုနှစ်ခု ဘက်စုံယှဉ်ပြိုင်ကြသော စစ်အေးခေတ်ကြီးဖြစ် နေသည်။ ဤအခင်းအကျင်းထက်တွင် သူတို့စူပါကြီးနှစ်ခု ကာယကံမြောက် တိုက်ခိုက်ကြခြင်းမရှိကြသော်လည်း သူတို့၏နယ်ရုပ်တွေလိုဖြစ်ခဲ့ရသော နိုင်ငံငယ်လေးများတွင်စစ်မီးတွေမွေးခဲ့ကြသည်။ စစ်သွေးတွေဝေခဲ့ရသည်။ သည်လိုနှင့်စစ်အေးအထွတ်အထိပ် ၁၉၆၀ ပြည့်နှစ်တစ်ဝိုက်ကို “နိုင်ငံရေးစစ်ဘောင်သွင်းခြင်း”(Militirization of Politics) ဟူ၍ ပင်သမိုင်းပညာရှင်များကသတ်မှတ်ရသည် အထိဖြစ်လာခဲ့ရသည်။ သို့နှင့်တိုင် စစ်အေးအလွန် ၁၉၉၀ ပြည့်လွန်နှစ်များသို့ရောက်သောအခါ ကမ္ဘာနိုင်ငံရေး ရေစီးမှာတစ်ဆစ်ချိုးပြောင်းသွားခဲ့ပါသည်။ “စစ်ဘက် နိုင်ငံရေးမှဆုတ်ခွာခြင်း” (Demilitarization) ဟုပြန်လည်သတ်မှတ်ခဲ့ကြသည်။ ၂၀၁၀ရွေးကောက်ပွဲမှာ ဤအခင်းအကျင်းသစ်တွင် ပေါ်ထွက်လာသည်ဟုစာရေးသူကမြင်သည်။ ဤအတွက်ကြို ဆိုသင့်သည်ဟု သဘောရသည်။ မြန်မာ့နိုင်ငံရေးပကတိအရှိကို ဥာဏ်မှီသမျှဆဝါးပြီး မေးခွန်းသုံးခုထုတ်ကြည့် သည်။ ၁။ ရွေးကောက်ပွဲ မဝင်လျှင်အခြားအော်လတာနေးတစ် ဘာရှိသနည်း။ စာရေးသူကမရှိဟုမြင်သည်။ မရှိသင့်ဟုခံ ယူသည်။ သေနတ်ပြောင်းဝမှလာသော အာဏာကိုမယုံကြည်သောကြောင့်ဖြစ်သည်။ ရွေးကောက်ပွဲနည်း ဖြင့်သာ ဒီမိုကရေစီကို ဦးတည်နိုင်လိမ့်မည်ဟု ပြောင်းလဲသိမြင်လာသောကြောင့်ဖြစ်သည်။ ၂။ ဂုဏ်သိက္ခာပြဿနာ နှင့် အသက်ဆက်ရှင်သန်ရေးပြဿနာ ဘာကိုရွေးမည်နည်း။ မည်သို့သောအကြောင်းနှင့် မှ ပါတီတရားဝင်ရပ်တည်ခွင့်ကို မစတေးသင့်ဟုစာရေးသူကမြင်သည်။ ၃။ “လက်ရှိအခြေအနေ” (Status quo) မှရွေ့နိုင် မရွေ့နိုင်။ စာရေးသူကရွေ့နိုင်စရာရှိသည်ဟုထင်သည်။ အားလုံးညီညီ ညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြလျှင် ပို၍ပင်ရွေ့အားကောင်းလိမ့်မည်ဟု မျှော်လင့်သည်။ အကျိုးဆက်ကား စာရေးသူ ဆွမ်းကြီးလောင်းခံလိုက်ရခြင်းပင်။ သစ္စာဖောက်ဟု တံဆိပ်တပ်ခံရသည်။ “သမိုင်းတရားခံ” ဟုစွဲချက်တင်သူကတင်ကြသည်။ ရွေးကောက်ပွဲအလွန် မျှော်လင့်သည်ထက်သာလွန်သော အခင်းအကျင်းသစ်နှင့်ထိတွေ့ရသောအခါ အဆိုပါဆွမ်းကြီးလောင်းသူများကပင် တစ်ချိန်ကသူတို့တစ်တွေ “လိမ်ဆင်ကြီးပါ” ဆိုသောဒီမိုကရေစီ အခွင့်အရေးများကို ပျော်ပျော်ကြီးအသုံးချနေကြတော့သည်။ အတွင်းသိ အစင်းသိတွေမို့ စာရေးသူမအံ့သြပါ။ စစ်ပြီးခါစကလို လက်နက်ကိုင်တိုက်ပွဲ မန္တန်ကို တဖွဖွရွတ် နေကြသည့်တိုင် ရယ်ဒီကယ်မီးရှုးမီးပန်းကိုတွေ့နေရဆဲဖြစ်၍ အမှန်ပင်စိုးရိမ်မိသည်။ ဤသို့ဆိုးရိမ်မိသည်မှာလည်း ကိုယ့်အ ကြောင်းနှင့်ကိုယ်ဖြစ်သည်။ ၁။ နိုင်ငံတကာအတွေ့ကြုံများအရ ဒီမိုကရေစီခရီးမှာ တစ်ဖြောင့်တည်းမဟုတ်။ အကွေ့အကောက်ရှေ့တိုးနောက် ဆုတ်တွေရှိနိုင်သည်။ ရှိတတ်သည်။ (Linear မဟုတ် Non Linear)။ ဒါကိုနှလုံးသွင်းစေချင်သည်။ ၂။ စူပါ ပါဝါပြိုင်ပွဲတွင် နိုင်ငံငယ်လေးများ နယ်ရုပ်ဖြစ်ခဲ့ရသည့် စစ်အေးခေတ်သာဓကတွေ မနည်းမနောရှိသည်။ မျက်မှောက်ခေတ် ဂရိတ်ပါဝါအားပြိုင်ပွဲတွင် စာရေးသူတို့ နိုင်ငံမှာ ပထဝီနိုင်ငံရေးဗဟိုချက်တစ်ခုပေါ်ရှိနေသည် ဟုမြင်သည်။ ဒါကိုသတိကြီးကြီး ထားစေချင်သည်။ ၃။ ဒီမိုကရေစီအကူးအပြောင်းတွင် အနှေး ၊ အမြန်က အဓိကမဟုတ် နောက်ကြောင်းမပြန်ဖို့ကအရေးကြီးသည်။ အကယ်၍များနောက်ကြောင်းပြန်မိလျှင် “ရွှေပြည်တော်မျှော်တိုင်းဝေး” ဖြစ်သွားနိုင်သည်။ ဤသို့နောက်ကြောင်း မပြန်မိစေရန် ထိန်းကြ ၊ သိမ်းကြဖို့ ပလေယာအားလုံးတွင်တာဝန်ရှိသည်ဟုသဘောရသည်။ သို့အတွက်အကဲ ဆတ်လှသည့် လက်ရှိအခြေအနေတွင် စစ်သွေးတွေမဝေစေချင်။ အမြော်အမြင်နှင့်သတိချပ် ကြစေချင်သည်။ သတိထားကြပါဟုလည်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ မေတ္တာရပ်ခံယုံနှင့် မလုံလောက်လျှင်ရှိခိုးဦးတင် လျှောက်ထား ၊ ဒူးထောက်တောင်းပန်ဖို့လည်းဝန်မလေးပါ။ အသင့်ရှိနေပါသည်။ ကျေးစေတမန် စာရေးသူ အရေးများသည်မှာ ဘာသာပြန်တွေသာဖြစ်သည်။ ကိုယ်တိုင်ရေးကမဆိုစလောက် အနည်းအကျဉ်း။ ဘာသာပြန်က ဦးနှောက်ကိုဖွင့်ထားရုံနှင့်လုံလောက်သည်။ ကိုယ်တိုင်ရေးက ဦးနှောက်သာမက “ရင်” ကိုပါဖွင့် ရသည်။ ဦးနှောက်နှင့်ရင်ဘတ်ချိန်ခွင်လျှာညှိုရသည်မှာ ပင်ပန်းလှသည်။ စာတစ်ပုဒ်ရေးပြီးတိုင်း နုံးခွေသွားတော့ သည်။ သည်တော့နှစ်သက်ရာသီချင်းတစ်ပုဒ် ပုဒ်နားထောင်းရင်းအားပြန်ဖြည့်ရသည်။ ယခုစာစုတွင်လည်း ထို့အ တူ။ အလွယ်တွေ့ရာ စီဒီတစ်ချပ်ကို ဖွင့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် “ကျေးစေတမန်” ဆရာရွှေပြည်အေး ၏ သံစဉ်စာသားကို ဒေါ်မေရှင်၏ ကရုဏာသံဖြင့် သရုပ်ဖော်လိုက်ရာ ခါတိုင်းလို အပန်းမပြေ ၊ ပို၍ပင်နွမ်းလျမော် ဟိုက်သွားရသည်။ “စစ်သွေးတွေက……. တဝေဝေ…….၊ ချစ်ရေးခက်ခက်သူတွေပူစေ…….၊ နှင်းမှုန်ခြွေ….လေပြေသွေးချိန်မို့……” ဒေါ်မေရှင်မှာ ဒေါ်မေရှင်မဟုတ်တော့………….။ အမိမြန်မာပြည်ဖြစ်သွားသည်။ ကျေးစေတမန်၏ဦးတည်ရာမှာ လည်း “သူမ၏မောင်” မဟုတ်တော့ အမိမြန်မာပြည်၏ သားသမီးတွေဖြစ်နေသည်။ သားသမီးတွေ ၊ စစ်သွေးဝေ နေသရွေ့ အမိမြန်မာပြည်မှာ မျက်ရည်စက်လက်နှင့် ကျေးစေတမန်ပါးနေရပါလိမ့်ဦးမည်။ အမိမြန်မာပြည်ကို မျက်ရည်တွေမဝေစေချင်တော့ပါ။ ဝေလည်းမဝေသင့်တော့ပါ။ မိခင်ကိုမျက်ရည် ကြီးငယ်ကျစေသည့် သားသမီး များဘယ်တော့မှ မကြီးပွားနိုင် ဆိုသော ဆိုရိုးစကားရှိပါသည်။ ဆင်ခြင်ကြပါကုန်…….။ 7DAY NEWSJOURNAL Vol.10,No.30.October 13,2011 မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment