Sunday, April 15, 2012

မမျှော်လင့်သော သေဆုံးမှုများနှင့် အိမ်သာအသုံးပြုမှု

ဝတ်ရည်အောင်
 အတွဲ (၁၀)၊ အမှတ်(၅၀)
ကူးစက်ရောဂါများမဟုတ်သည့် နာတာရှည်ရောဂါများဖြစ်သည့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ရောဂါများ ဖြစ်ပွားမှု တဖြည်းဖြည်းများပြားလာပြီး ထိုရောဂါများသည် နည်းအမျိုးမျိုးဖြင့် အသက်အန္တရာယ်အား ခြိမ်းခြောက်မှု များပြား လာသည့်ရောဂါများဖြစ်သည်။
ထိုရောဂါများ ဖြစ်ပွားခံစားကြရသည့်အခါ  အသက်အန္တရာယ်အထိထိခိုက်စေနိုင်သည့် ရောဂါအခြေအနေများ မဖြစ်စေရန် အတတ်နိုင်ဆုံး ဆေးကုသမှုဖြင့် ကာကွယ်တားဆီးကြသော်လည်း တစ်ခါတလေတွင် ထိုရောဂါများနှင့် ဆက်စပ်၍ မမျှော်လင့်သော အခြေအနေများဖြင့် သေဆုံးမှုများလည်း အမျိုးမျိုးရှိကြကြောင်းသိရသည်။

ယခုလ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အ၀လွန်နေသူ အမျိုးသားတစ်ဦး အလုပ်ကိစ္စခရီးသွားရင်း သန့်စင်ခန်းဝင်စဉ် အသက်သေဆုံးခဲ့ကြောင်း ပါရှိခဲ့သည်။ ထိုသေဆုံးမှုအား ရေစကြိုရဲစခန်းမှ တာဝန်ရှိသူများက စစ်ဆေးရာတွင် နှလုံးသွေးလျှံပြီး သွေးပုပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။ နေ့စဉ်ကျန်းမာရေး အတွက် မဖြစ်မနေ အသုံးပြုရသည့် သန့်စင်ခန်းအသုံးပြုမှုတွင် သာမန်သူများအတွက် ပြဿနာမရှိသော်လည်း နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ရောဂါ၊ ဒူးနာရောဂါများမှာ ပိုမိုဆိုးရွားလာခြင်း၊ ပြင်းထန်စွာမောပန်းခြင်း ဝေဒနာများခံစားကြရနိုင်သည့်အပြင်  အချို့တွင်  ယခုကဲ့သို့  အသက်သေဆုံးမှု ဖြစ်ပွားနိုင်ခြင်းများလည်း ရှိကြောင်း အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာ လှိုင်စိုးဝယ် ကပြောသည်။
“နှလုံးရောဂါကု ဌာနတွေမှာဆိုရင် သန့်စင်ခန်းထဲမှာ အမောဖောက်ပြီး သေဆုံးတာတွေခဏ၊ ခဏဖြစ်တယ်။ အဲဒါကြောင့် အဲဒီဌာနတွေမှာဆိုရင် သန့်စင်ခန်းအသုံးပြုရင် ဂျက်မထိုးထားဖို့ ရေးသားထားတာတွေတောင်ရှိတယ်” ဟု အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။
အ၀လွန်သူများတွင်လည်း မြန်မာလူမျိုးများသုံး အိမ်သာအသုံးပြုသည့်အခါ ပေါင်နှစ်ဖက်သည် ဗိုက်ကိုဖိပြီး တွန်းထား သလို ဖြစ်သည့်အတွက်   အသက်ရှူရခက်ပြီး အသက်ရှူလို့ မ၀သည့် ဝေဒနာခံစားရနိုင်သည့်အပြင်  အချိန်ငါးမိနစ်ခန့်သည်ပင်  အလွန်ပင်ပန်းသည့် ဝေဒနာခံစားရနိုင်ပြီး ၀မ်းချုပ်သည့်အချိန်ကဲ့သို့သော တချို့အချိန်များတွင် ပင်ပန်းမှုသည်  မီတာ ၁၀၀ ပြေးသည့် ပင်ပန်းမှုနှင့် ညီမျှကြောင်း နိုင်ငံတကာမှ ကျွမ်းကျင်သူများ ရေးသားထားသည့်စာများတွင်ပါရှိသည်။
နှလုံးရောဂါ၊ သွေးအလွန်တိုးလေ့ရှိသည့် ရောဂါအခံရှိသူများသည် ပင်ပန်းမှုအပြင် တစ်ခါတစ်ရံ ရောဂါအခံပေါ်မူတည်၍ မမျှော်လင့်ဘဲ သန့်စင်ခန်းအသုံးပြုနေစဉ် နှလုံးတိုက်ခိုက်ခံရခြင်း၊ ဦးနှောက်သွေးကြောပြတ်ပြီး အသက်သေဆုံးမှုများနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း   ဒေါက်တာ လှိုင်စိုးဝယ်က ဆက်လက်ပြောသည်။
“မြန်မာများအသုံးပြုသည့် ဆောင့်ကြောင့်ထိုင်သည့် သန့်စင်ခန်းပုံစံသည် ထိုကဲ့သို့ အန္တရာယ်များအပြင် ရောဂါတချို့ကိုလည်း ပိုမိုဆိုးရွားသွားစေသည့် ပုံစံမျိုးလည်းဖြစ်ကြောင်း   ဒေါက်တာလှိုင်စိုးဝယ်ကပြောသည်။
“အသက်ကြီးတော့ ဒူးနာလာတာ သန့်စင်ခန်းသုံးပြီးချိန်ဆို ပိုဆိုးတယ်။  ဒူးရောင်တာလည်း အမြဲတမ်းပြန်ပြန်ဖြစ်နေတဲ့ အတွက် နောက်တော့ ဆရာဝန်က တတ်နိုင်ရင် ဘိုထိုင်အိမ်သာကို သုံးပါလို့ပြောတယ်။ မဟုတ်ရင် ဆောင့်ကြောင့်ထိုင်တဲ့ အနေအထားက နာနေတဲ့ဒူးကို ပြန်ပြန်ဖြစ်ပြီး မပျောက်နိုင်တော့ဘဲ ဖြစ်လိမ့် မယ်လို့ပြောတယ်” ဟု အသက် ၆၅ နှစ်ခန့် ပင်စင်ယူပြီး ကျောင်းဆရာတစ်ဦးကပြောသည်။
နေ့စဉ်အသုံးပြုနေသည့် သန့်စင်ခန်းအား ပြောင်းလဲသုံးရန် မဖြစ်နိုင်ကြသေးသည့်အခါ လူအများအနေဖြင့် မိမိတွင် နာတာရှည် ခံစားရနိုင်မည့် ရောဂါများမဖြစ်ပွားစေရန် သတိပြုနေထိုင်ခြင်းနှင့် ထိုကဲ့သို့ မမျှော်လင့်ဘဲ အသက်သေဆုံးမှု မရှိစေရန် မိမိရောဂါအခြေအနေအား ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံးနည်းလမ်းများဖြစ်ကြောင်းသိရသည်။
နှလုံးရောဂါ ရှိနေသူများတွင်လည်း သန့်စင်ခန်း အသုံးပြုနေသည့် အချိန်များတွင် နည်းနည်းအားစိုက်လိုက်ရုံဖြင့် အသက်ရှူ မ၀ဖြစ်ပြီး ခေါင်းရီဝေရီဝေဖြစ်လာခြင်းများ၊ ဘယ် လက်မောင်း၊ မေးရိုး၊ လည်ပင်း၊ နောက်ကြောများတွင် ထုံသည့်သဘော၊ နာသည့်သဘော၊ ကျင်သည့်ခံစားမှုများ ဖြစ်ပေါ်လေ့ရှိခြင်း၊ ရင်ဘတ်အလယ်တည့်တည့်တွင် ဆွဲဆုတ်ထားသကဲ့သို့ ဝေဒနာများ ခံစားကြရသည့် အခါများတွင် ပင်ပန်းမှုများ ရပ်ဆိုင်းရန် သန့်စင်ခန်း အတွင်းမှထွက်ပြီး အနားယူ သင့်ကြောင်း ဒေါက်တာ လှိုင်စိုးဝယ်က ပြောကြားသည်။
“ကိုယ့်ရောဂါ အခြေအနေကို မသိထားရင်တကယ်လို့ ကိုယ့်မှာ အဲလိုဝေဒနာမျိုးတွေ ရုတ်တရက်ဖြစ်လာရင်တောင် အန္တရာယ် ရှိမှန်းမသိဘဲ အသက်သေဆုံးတာတွေ ဖြစ်သွားနိုင်တယ်။ ရောဂါအခြေအနေကို အမြဲစစ်ဆေးရင်တော့ သတိပြုရမည့်အချက်တွေကို သိနိုင်တယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
မြန်မာနိုင်ငံတွင် ငွေကြေးကုန်သည့် ဘိုထိုင်အိမ်သာမျိုးသည် ကျန်းမာရေးအတွက် သင့်တော်သည်ဆိုသော်လည်း အများစုသည် မြန်မာ အိမ်သာမျိုးကိုပင် အသုံးပြုနိုင်ကြပြီး ဒူးနာရောဂါခံ စားနေရသူများ၊ အ၀လွန်သဖြင့် အသုံးပြုရန် ပင်ပန်းလွန်းသူများတွင်သာ ပလတ်စတစ်ခုံအား အပေါက်ဖောက်ပြီး သုံးသည့် နည်းလမ်းစသည်တို့ဖြင့် သက်သာစေရန်သာ အသုံးပြုကြကြောင်း သိရသည်။  
ထိုသေဆုံးသွားသည့် ဖြစ်ရပ်တွင် ရေစကြိုမြို့ရှိ ကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးက သွေးတိုး၊ နှလုံးရောဂါရှိသူများ၊ ၀လွန်းသူများ အနေဖြင့် ဘိုထိုင်အိမ်သာသည် အကောင်းဆုံးဖြစ်ကြောင်း အကြံပြုပြောကြားထားသည်ဟုပါရှိသည်။
ဝသူများသည် အခြား နှလုံး၊ သွေးတိုး ဆီးချိုကဲ့သို့သော ရောဂါများကိုပါ ဆင့်ကဲ့ဖြစ်ပေါ် စေနိုင်သည့်အတွက်   ကျန်းမာရေးနှင့် ညီညွှတ်စေမည့်  ကိုယ်လက်လှုပ်ရှားမှုများအား  အတက်နိုင်ဆုံးပြုလုပ်ခြင်းများ၊ ချိုသည့် အစားအစာများ၊ ငန်သည့် အစားအစာများနှင့် အဆီများသော အစားအစာများစားသုံးခြင်းအား သတိပြုသင့်သည့်အပြင် အရက်၊ ဆေးလိပ်များမှာလည်း ရောဂါဖြစ်ပွားလာပါက  ပိုမိုဆိုးရွားစေသည့်အတွက် ဆင်ခြင်သင့်ကြောင့်ပညာရှင်များ
က  ပြောကြားထားသည်။  

No comments:

Post a Comment