Friday, April 13, 2012

အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းဦးမည်မဟုတ်
သမ္မတဦးသိန်းစိန်နှင့် မစ္စတာ ဒေးဗစ်ကင်မရွန်း နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)
ဥရောပသမဂ္ဂ အီးယူက မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို တချိန်တည်းနဲ့ ရုပ်သိမ်းဦးမှမဟုတ်ဘူးလို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးရဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဒီနေ့ သမတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ရှင်းရှင်းလင်းလင်းပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂက ဒီလ ၂၃ ရက်နေ့ကျရင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ဖို့ရှိပြီး လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတာနဲ့ ခြေလှမ်းကျွံပြီး နောက်ပြန်ဆုတ်ဖို့ ခက်တဲ့အခြေအနေမျိုး မရောက်အောင် ထိန်းညှိသွားဖို့ရှိတယ်လို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးက သတင်းအရင်းအမြစ်က ပြောတာကို သတင်းမှာ ဖော်ပြထားပါတယ်။

အီးယူရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း မြန်မာပြည်ကို မရောက်ခင် မလေးရှားမှာ မြန်မာပြည်က တိုးတက်မှုတွေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။

“မြန်မာပြည်မှာ အပြောင်းအလဲတွေအပေါ်မှာ သတိထားဖို့၊ မေးခွန်းတွေ ဆက်ထုတ်နေဖို့ လိုအပ်သလိုပဲ အခုလို အလင်းရောင်တွေ မြင်နေရပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေ ပွင့်လင်းလာဖို့ မျှော်လင့်ရတဲ့ အပြောင်းအလဲ စတင်နေတဲ့အခြေအနေမှာ နောက်ကနေ အားပေးဖို့လည်း လိုအပ်တယ်။”

ဒေးဗစ်ကင်မရွန်းဟာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ပထမဆုံး မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူနိုင်ငံတွေထဲက နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကလည်း အီးယူအနေနဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။

“မြန်မြန်ဆန်ဆန် အီးယူတို့ဘာတို့က လျှော့လိုက်တယ်ဆိုတာမျိုးက မဖြစ်သင့်သေးဘူး။ အချိန်စောသေးတယ်။ တိုးတက်မှုကို ဆက်ကြည့်ဦးပေါ့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အရွေးခံရတာနဲ့တင် မဟုတ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက သမ္မတကြီးနဲ့လုပ်ရတာ ကောင်းတယ်။ အခုက အစိုးရအဖွဲ့အစည်းထဲ ရောက်သွားပြီ၊ လွှတ်တော်ထဲရောက်သွားပြီ၊ နောက် ဘယ်လိုအခြေအနေ ရှိမလဲဆိုတာ စောင့်ကြည်ရဦးမှာပေါ့။ အဲဒါကြောင့် ခုအချိန်အခါ လုပ်ဖို့ကိုင်ဖို့ဆိုတာတော့ သူတို့ဘက်က ပေးတဲ့အတိုင်းအတာတွေကတော့ တိုးတက်မှုရှိတာတော့ အမှန်ပဲ။ အရင်နဲ့စာရင် တိုးတက်တယ်။ အဲဒီအပေါ်မှာသာ စဉ်းစားရင် စဉ်းစားပေါ့။ သို့သော်လည်း စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တာအားလုံးကို အလျင်စလို လျှော့ပေးမယ်ဆိုရင်တော့ သူတို့ဘက်က အများကြီး ချိန်ဖို့ကောင်းသေးတယ်။ အရမ်းကြီးလုပ်ဖို့ မသင့်သေးဘူး။”

တိုင်းရင်းသားဒေသတွေမှာ စစ်တွေ မရပ်သေးတာ၊ တရားဥပဒေ စိုးမိုးရေးအပိုင်းမှာလည်း တိုးတက်မှုတွေ မရှိသေးတာကို ဦးတင်ဦးက ထောက်ပြပါတယ်။

အီးယူဟာ ဖေဖော်ဝါရီလကတုန်းကတော့ သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအရာရှိ ၈၇ ဦးရဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးခဲ့ပြီး လက်နက်မတင်ပို့ရေး၊ ကျောက်မျက်နဲ့ လူပေါင်း ၅၀၀ နီးပါးရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားတာကတော့ ဆက်ရှိနေပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment