Monday, February 6, 2012

ကိုယ့်ချစ်သူ



ကမ္ဘာမြေပေါ်နင်းမိလေတိုင်း
ကိုယ့်ရဲ့ခြေအစုံအောက်မှာ
မင်းရဲ့နူးညံ့ခြင်းတွေခင်းကျင်းထားသလို
ဘ၀ကိုကျေနပ်နှစ်သက်စေခဲ့သူ...။
      စိတ်မှာတောင့်တလိုက်ရုံနဲ့
နှုတ်ကဖွင့်ဟဖို့မလို ကိုယ်လိုချင်တာမှန်သမျှ
အစစအရာရာအလိုက်သိတတ်လွန်းသူ...။
      ကိုယ်ရှင်သန်ရာဘ၀ဥယာဉ်ထဲမှာ
 
ပူပင်သောကတွေဖယ်ရှင်း
ပျော်ရွှင်ခြင်းတွေသာတမျှော်တခေါ်ဖူးပွင့်အောင်
ဆောင်ကျဉ်းပေးနိုင်သူ......။
      ကိုယ်ဘယ်လိုဆိုးဆိုး
အတိုးချပြီးသည်းခံ
အနိုင်ယူတဲ့ဒဏ်တွေကိုကြည်ဖြူစွာခံရင်း
မာန်မာနကင်းစွာလည်းကြင်နာတတ်သူ...။
     လောကဓံအချိုးအကွေ့ ဘယ်လိုပင်တွေ့စေဦး
ပြုံး၍မျှဝေခံစား
အနားမှာအစဉ်အမြဲရှိနေတတ်လို့
ရင်ထဲအထိကျေနပ်
ကိုယ့်အနာဂတ်မှာ
နောက်ထပ်တစ်ယောက်မရှိနိုင်တော့တဲ့သူ.....။
ကိုယ့်ချစ်သူရယ်~~~~
    ဘယ်သူတွေဘာပဲပြောပြော
မေတ္တာတရားကိုမေတ္တာတရားချင်းထုဆစ်လို့
နားလည်မှုကိုနားလည်မှုချင်းထွန်းညှိလို့
သံယောဇဉ်ကိုသံယောဇဉ်ချင်းရစ်ဖွဲ့လို့
ချစ်ခြင်းရဲ့အလင်္ကာမြို့ကို
သစ္စာတွေပိုင်စွဲစွာဖြင့်
ခိုင်မြဲမြဲတည်ဆောက်ကြစို့နော်..။

No comments:

Post a Comment