လူမှန်ရင် အမှားအယွင်းတွေနဲ့
မရှောင်သာ မတိမ်းသာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရမှာပဲ
နင့်ကို ….. ချစ်ခဲ့မိတာ မှားယွင်းမှုဆို
ငါလည်း လူသားဆန်ခဲ့တာပဲ
နင့်ကို ….. ချစ်ခဲ့မိတာ မိုက်မဲခြင်းဆို
ငါ ….. မလိမ္မာချင်ဘူး
နင့်ကို ….. ချစ်ခဲ့မိတာ ရူးသွပ်မှုဆို
ငါ လူကောင်းပြန်မဖြစ်ပါရစေနဲ့
ပြောပြန်ရင်လဲ ကိုယ့်နှလုံးသားကိုယ်
လှန်ထောင်းရာကျမယ်
ငါက အညှို့ခံချင်နေသူပါ
နင် ….. ချိန်ရွယ်မထားလည်း
ပစ်ကွင်းဇွတ်တိုးဝင်ချင်တဲ့ သားကောင်သက်သက်ပါ
နင့်ကို ….. ဆက်ချစ်နေမိတာ အဆိပ်သင့်တာပဲဆို
ငါဖြေဆေးမလိုချင်ဘူး
နင့်ကို ….. မေ့ပစ်သင့်တယ်လို့
တခါခါမှာ …..
ရူးနှမ်းစွာ ထိုးထွက်လာတဲ့ စိတ်ကူးကို
အရင်လက်ဦးမှုယူပြီး သတ်ပစ်နေမိတယ်
အစွဲအလမ်းနဲ့ နှလုံးသားအရေထူနေသူပါ
အလွမ်းနဲ့ အသားကျယဉ်ပါးနေသူပါ
ပျော်စရာတွေကိုလည်း ရှာကြံမနေတော့ပါဘူး
ငါ့အတွက်တော့ …..
နင့် ….. အကြောင်းကို တွေးနေရတာကိုက ပျော်စရာပါ
ပျော်စရာချည်းသက်သက် ပေါ့ရွှတ်နေတဲ့
ပျော်စရာတော့ မဟုတ်ဘူးနော်
ဆွေးမြည့်တဲ့ အလွမ်းတွေနဲ့
ဆတူရောစပ်ထားတဲ့ ပျော်စရာပါ
ပန်းပွင့်တွေက သူတို့ရနံ့ကို သူတို့
နမ်းရှိုက်ခွင့်မရကြဘူး
ဒါပေမဲ့ သူတို့တွေ ဘယ်မှာများ
အပြုံးပျက်ခဲ့ကြလို့လဲ
ပေးဆပ်လိုစိတ် အပြည့်နဲ့
ပွင့်ရင်းလန်းရင်း ရနံ့တွေကို လွှင့်ထုတ်ရင်း
လောကကြီးကို အလှဆင်နေကြဆဲလေ
ငါလည်း ဒီလိုစိတ်မျိုးနဲ့
ဒီကဗျာကို ရေးဖွဲ့မိတယ်...........
နင့် ….. ၀ိညာဉ် တည်နေသရွေ့ထိ
နင့်ကို ….. ဆက်ချစ်သွားမယ်”...





No comments:
Post a Comment