နိုင်ငံရေးအကျဉ်းသားဟောင်း ရဟန်းတပါး ကျောင်းက နှင်ထုတ်ခံရ
လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ရဟန်းတော်တပါးကို သံဃမဟာနာယကအဖွဲ့က ကျောင်းကနှင်ထုတ်လိုက်ပါတယ်။
အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန် ဗဟန်းမြို့နယ် လိပ်ပြာကန်တိုက် အလယ်ကျောင်းက ဦးဇင်း ဦးဃောသိတကို ကျောင်းအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အဲဒီကျောင်းထိုင်ဆရာတော်က နိုင်ငံတော် သံဃမဟာနာယကကို တိုင်ကြားတဲ့အတွက် သံဃမဟာနာယကနေ ကျောင်းက
ထွက်ခွာဖို့ ညွှန်ကြားလာတာပါ။
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတကတော့ သူဟာ ကျောင်းထိုင်ဆရာတော် ဦးဇောတိကဟာ ကျောင်းပိုင်မြေတွေ ရောင်းစားတာကို ပြောဆိုတဲ့အတွက် အခုလို သံဃမဟာနာယကကို တင်ပြီးတော့ မတရား နှင်ထုတ်ခံရတာပါလို့ မိန့်ကြားပါတယ်။
“ဒီကျောင်း မှာ ဦးဇင်းက ၂၀၀၆ ထဲကနေလာတာ၊ ၂၀၀၉ မှာ ဦးဇင်းကို ထိုင်ဝမ်အဖွဲ့ကနေ အကျွတ်အလွတ်ပွဲတော်ဆိုပြီး ပင့်တယ်၊ နာဂစ်အပြီးမှာပေါ့။ အဲဒီကနေ ပြန်လာပြီးတော့မှ ဦးဇင်းကို ၁၃/၁၊ ၁၇/၁၊၂၄/၁ တို့နဲ့ဆွဲပြီးတပ်တော့ ဦးဇင်းထောင်ထဲရောက်သွားတယ်။ ထောင်ထဲမှာ ၂ နှစ်ခွဲလောက်နေခဲ့ရတယ်။ အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဦးဇင်းပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီးနောက်ပိုင်း ကျောင်းမှာစာချတယ်။ ကျောင်းတိုက်ရောက်တဲ့အခါမှာ ကျောင်းထိုင်ဆရာတော်က နိုင်ငံတော်ပိုင်၊ သံဃာ့အဖွဲ့ပိုင် ကျောင်းမြေတွေကို ရောင်းစားတယ်။ အခြားကျောင်းကနေပြီး ဦးဇင်းတို့ပိုင်တဲ့ကျောင်းထဲကို ဝင်ဆောက်တယ်။ ဆောက်တဲ့အခါကျတော့ တိုင်းနာယကတွေကို ဦးဇင်းက တားမြစ်စာပို့လိုက်တယ်၊ တိုင်းနာယကတွေက တားမြစ်စာထုတ်ပေးတယ်။ ကျောင်းဘုန်းကြီးနဲ့ ရောင်းတဲ့ဘုန်းကြီးနဲ့က ပေါင်းပြီးတော့ မဟနကို သွားတယ်။ မဟနမှာ ဘယ်လိုနည်းနဲ့ လုပ်ခဲ့လည်းတော့မသိဘူး။ ဦးဇင်းကို မဟန ကနေပြီးတော့ ၃ ရက်အတွင်း ဒီကျောင်းတိုက်ကနေ ထွက်ပေးရမယ်ဆိုပြီး အမိန့်စာရောက်လာတယ်။”
ဦးဃောသိတဟာ လိပ်ပြာကန်တိုက် အလယ်ကျောင်းက စာချကိုယ်တော် တပါးလည်းဖြစ်ပါတယ်။ ကျောင်းက နှင်ထုတ်ခံရပေမယ့်လည်း ကျောင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့လည်း မိန့်ကြားပါတယ်။
“ဦးဇင်းက တော့ မထွက်ခွာပါဘူး။ ဘယ်အဖွဲ့ပဲလာလာ ဦးဇင်းကတော့ ရှင်းပြပေးပါမယ်၊ တောင်းဆိုပါမယ်၊ ပြဿနာမဖြစ်နိုင်ဘူးလားဆိုတော့ ကျောင်းထိုင်ဘုန်းကြီးနဲ့တော့ ပြဿနာမဖြစ်နိုင်ပါဘူး။ သူလည်းဦးဇင်းကို မပြောရဲပါဘူး။ သူသည်ပြစ်ချက်တွေ အများကြီးရှိပါတယ်။ သူတိုက်ထဲမှာ နေသမျှ ကာလပတ်လုံး အရှုပ်အထွေးတွေများစွာရှိပါတယ်။ လက်ရှိလည်း အရှုပ်အထွေးတွေ ရှိနေတဲ့အတွက် ဦးဇင်းကို မရင်ဆိုင်ရဲပါဘူး။ သံဃမဟာနယက ဆရာတော် ဘုရားကြီးတွေအနေနဲ့က အောက်ခြေကို သေသေချာချာ ဆင်းပြီးတော့ လေ့လာပြီးတော့ ဘယ်သူတွေက မှန်ကန်တယ်၊ ဘယ်သူတွေက မမှန်ကန်ဘူးဆိုတာကို ဆုံးဖြတ်သင့်ပါတယ်လို့ မဟန ဆရာတော် ဘုရားကြီးတွေကို ဦးဇင်းက လျှောက်ထားချင်ပါတယ်။”
No comments:
Post a Comment