သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်။
အရပ်သားအစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ၃၀ ကို ကြည့်ရင် အရပ်သားက ၄ ဦးသာပါပြီး ကျန်တာက ယူနီဖောင်း ၀တ်တာ မ၀တ်တာသာ ကွာခြားပြီး ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်လူထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရလို့ ပြောနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဟာ အရပ်သား ၁၃ ရာနှုန်းသာပါပြီး စစ်သားက ၈၇ % ပါတဲ့ ၀န်ကြီးအဖွဲ့ ဖြစ်နေပါတယ်။
အရေးကြီးတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ့ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာရ်အက်ဖ်အေကို ပြောပြပါတယ်။
အရပ်သားအစိုးရဆိုပေမယ့် ကျွမ်းကျင်တဲ့ ပညာတတ်အရပ်သားတွေကို တာဝန်ပေးဖို့ မယုံစားတဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ စီးပွားရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူးလို့ မြင်တဲ့ အဖွဲ့အစည်းတွေထဲမှာ လန်ဒန်မြို့ထုတ် နာမည်ကျော် အီးအိုင်ယူမဂ္ဂဇင်းနဲ့ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ် ... စတဲ့ နိုင်ငံတကာအဖွဲ့တွေလည်း ပါဝင်ပါတယ်။
ဒါကြောင့်လည်း သမ္မတဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမည်ပြောင်းထားတာ ဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ စီးပွားရေးပေါ်လစီသစ်တွေ ချမှတ်ရာမှာ လတ်တလော တိုးတက်မှု မရှိနိုင်ဘူးလို့ လန်ဒန်မြို့ မတ်လထုတ် အီးအိုင်ယူမဂ္ဂဇင်းကြီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
“ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ့ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာရ်အက်ဖ်အေကို ပြောပြပါတယ်။”
အလားတူပဲ မြန်မာနိုင်ငံအနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် ပေါက်ရောက်နိုင်ဖို့ဆိုရင် လက်ရှိအရပ်သား သမ္မတဦးသိန်းစိန်အစိုးရသစ်အနေနဲ့ စီးပွားရေးပြုပြင်မှုတွေ အများအပြားလုပ်ရမှာ ဖြစ်တယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာလည်း ဝေဖန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာအပိုင်းကို အေဒီဘီက ခန့်မှန်းရာမှာ မကြာခင်က တက်လာတဲ့ အရပ်သားအစိုးရဘက်ကလည်း စီးပွားရေးပြုပြင်မှုတွေ မှန်မှန်လုပ်လာမယ်၊ ရာသီဥတုကလည်း ပုံမှန်အနေအထားရှိမယ်လို့ ယူဆပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်လို့ အေဒီဘီက အစီရင်ခံစာမှာ ၀န်ခံထားပါတယ်။
အရပ်သားအစိုးရသစ် လုပ်ရမယ့် စီးပွားရေးပြုပြင်မှုတွေထဲမှာ ...
- ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေတွေ တိုးတက်အောင် လုပ်ပေးရေး၊
- လူမှုရေးနဲ့ အခြေခံအဆောက်အဦ တိုးချဲ့ရေးအတွက် ငွေရင်းထုတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ လုပ်ကိုင်ပေးရေး၊
- အစိုးရငွေလဲနှုန်းနဲ့ မှောင်ခိုငွေလဲနှုန်းကို ပေါင်းစည်းရေး၊
- ဘဏ္ဍာရေးကဏ္ဍ တိုးတက်အောင် လုပ်ပေးရေး၊
- မတ်ခရိုစီးပွားရေး စီမံခန့်ခွဲလုပ်ကိုင်မှု ခိုင်မာစေရေး၊
- လယ်ယာနဲ့ ကုန်သွယ်ရေးကို လွတ်လပ်ခွင့်ပေးရေ၊
... စတဲ့အချက်တွေ ဖြစ်တယ်လို့ အေဒီဘီက အကြံပေးထားပါတယ်။ ဒီအကြံပေးချက်တွေကို ဦးသိန်းစိန်အစိုးရဘက်က ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာလည်း အစိုးရသစ်အတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
၃ နှစ်အတွင်း စီမံကိန်းသစ်တွေ စတင် မလည်ပတ်ခင် ဓာတ်ငွေ့ထုတ်လုပ်မှုက ပုံမှန်အတိုင်း ရှိနေမှာဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ လိုအပ်ချက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း ... စတဲ့ အချက်တွေကြောင့် ဓာတ်ငွေ့ ပြည်ပပို့တဲ့ဈေးက မြင့်တက်လာစရာ ရှိပါတယ်။ ဒါပေမယ့် ဓာတ်ငွေ့ရောင်းလို့ရတဲ့ ငွေကို တရားဝင် တဒေါ်လာ ၆ ကျပ်နှုန်းနဲ့ တွက်တဲ့အတွက် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပြီး အထောက်အပံ့ဖြစ်မှာ မဟုတ်ဘူးလို့ အေဒီဘီက ယူဆပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ခြုံတွက်ရင် လာမယ့် ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ၅.၅ % ထိသာ တိုးနိုင်တယ်လို့ အေဒီဘီက မှန်းပါတယ်။
လာမယ့် ၂ နှစ်အတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုကလည်း ပြည်တွင်းလိုအပ်ချက် များလာတဲ့အချက်၊ ကမ္ဘာ့လောင်စာဈေး အစားအစာဈေးတွေ တက်လာမယ့် အချက်တွေနဲ့အညီ ၈ % ထိ တိုးလာမယ်လို့ မှန်းထားပါတယ်။
ဓာတ်ငွေ့ရောင်းရငွေကြောင့် တိုင်းပြည်ရဲ့ အရန်နိုင်ငံခြားငွေ တိုးလာစေပေမယ့် တရားဝင်ငွေလဲနှုန်းကြောင့် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပြီး အထောက်အပံ့ဖြစ်မှာ မဟုတ်ဘူးလို့ အေဒီဘီက ပြောပါတယ်။ ဓာတ်ငွေ့ရောင်းရငွေကိုသာ မှောင်ခိုဈေး ငွေလဲနှုန်းနဲ့ တွက်ရင် အစိုးရအခွန်တော်ငွေ တက်လာမှာဖြစ်သလို ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တွေလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။
ယူနက်စကို ... စတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရ မြန်မာအစိုးရဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပညာရေးအတွက် ဂျီဒီပီရဲ့ ၁.၃ % သာ သုံးခဲ့ပါတယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။
မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာ ဆက်ပြောတာက မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်အရ ၂၀၀၂ ခုနှစ်မှာ မူလတန်းပညာရေးအတွက် အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၀.၄ % သာ သုံးခဲ့တယ်။ အရှေ့အာရှနဲ့ ပစိဖိတ်နိုင်ငံတွေမှာ ပညာရေးအတွက် ပျမ်းမျှ ဂျီဒီပီရဲ့ ၂.၅ % သုံးနိုင်တယ်ဆိုတာတောင် မြန်မာအစိုးရထက် ၃ ဆ ပိုပြီး ပညာရေးအတွက် သုံးထားတယ်လို့ ကင်တားနားက ထောက်ပြပါတယ်။
သောတရှင်များခင်ဗျား ...
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)
No comments:
Post a Comment