Sunday, February 5, 2012

ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ

ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်တဲ့နေ့
သရက်မြို့ပေါ်က ဓာတ်ပုံမှတ်တမ်းပါ..။ သရက်မြို့ခံ အဘွားအိုတဦးမှ
ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊
လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။
နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး
ဖော်ဆောင်နေပါတယ်...။


အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို
မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို
ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး
ခန့်မှန်းနိုင်ပါတယ်...။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့
ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက်
အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့
ဆိုနေသလား...။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက် ခံစားချက်တွေနဲ့အတူ
လားပေါင်းများစွာ မေးခွန်းတွေပေးနေတဲ့ ဓာတ်ပုံလေးပါ။ မုန့်ထုပ်လေးဟာ
တန်ဘိုးမရှိလှပေမယ့် အမေအိုရဲ့ မေတ္တာမျက်ဝန်းကတော့ အင်မတန်မှ
တန်ဘိုးကြီးမားလှပါတယ်..။ အမိမြန်မာပြည် အနှံအပြားက ဒီလိုအမေအိုတွေရဲ့
ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့ သောကြာနေ့ဟာ မြန်မာပြည်သူတွေ ပျော်မဆုံးဖြစ်ခဲ့ရတဲ့ နတ်၊
လူသာဓုခေါ်မယ့် နေ့ဆိုလည်း မမှားပါဘူး...။ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးသိန်းစိန် အစိုးရကြား ညှိနှိုင်း
ဆွေးနွေးမှုတွေက ရရှိထွက်ပေါ်လာတဲ့ ရလာဒ်တခုပါပဲ...။ ၁၉၈၈ခုနှစ်ကနေ ယနေ့အထိ
၂၄နှစ်တာ ကာလအတွင်း မမြင်မတွေ့နိုင်ခဲ့ရတဲ့ လက်ရှိမြန်မာပြည်ရဲ့
ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျဉ်းတွေပါပဲ...။ ၂၄နှစ်တာ ကာလပတ်လုံး
လူထုခေါင်းဆောင်နဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ တဦးနဲ့တဦး
အဆက်အသွယ် ဖြတ်ထားခြင်းခံရပြီး အထဲဝင်၊ အပြင်ထွက် လွဲနေ၊ တမင်လွဲအောင်
စံနစ်တကျ လုပ်ထား ခံခဲ့ရတာတွေဟာ ယခုတော့ အားလုံး အတူတကွ မြင်တွေ့ရတော့မှာပါ..။

ညအမှောင်မိုက်ထဲက လငပုပ်ဖမ်းထားခံနေရတဲ့ အဖြစ်တွေကနေ ကနေ့မှာတော့
ကျွန်တော်တို့ တိုင်းပြည်မှာ လပြည့်ဝန်းကြီးနဲ့ ကြယ်တွေစုံပြီး တောက်ပ
လင်းလက်တဲ့ အနာဂတ် ကောင်းကင်ကို မြင်တွေ့ရတော့မယ့် ကြယ်တွေစုံတဲ့ညလို့
တင်စားပါရစေ...။ အနှစ်နှစ်အလလ ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်တွေ၊ ဘဝတွေ၊
အချိန်တွေကို စတေးခံခဲ့ရတဲ့ သူရဲကောင်းတွေပေါတဲ့ ကျွန်တော်တို့
တိုင်းပြည်ပါ...။

လာမယ့်အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး လက်တွဲ
လုပ်ဆောင် ကြရတော့မယ့် အချိန်ရောက်ရှိနေပါပြီ.။ တမြေတည်းနေ၊ တရေတည်းသောက်
တိုင်းရင်းသားအချင်းချင်း အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး
နိုင်ငံသားကောင်းတွေ၊ ဘဏ္ဍာတွေ ဆုံးရှူံးနေရတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ
နေထိုင်ရာဒေသက စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဘို့ လိုအပ်နေပါပြီ။
အိမ်ကြက်ချင်း ခွပ်နေရတဲ့ အခြေအနေကို တာဝန်ရှိပြီး တာဝန်ယူ
ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတော် အစိုးရမှ အမြန်ဆုံး ရပ်တန့်အောင် ဖော်ဆောင်
ပေးစေလိုပါတယ်..။ အကျဉ်းထောင်တွင်းမှာ နိုင်ငံရဲ့လုပ်အားတွေ ဆုံးရှုံးနေရတဲ့
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးစေလိုပါတယ်..။ ယခုလို
ပြည်သူအများ မျှော်လင့်တောင့်တ နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်
လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အမိန့် ထုတ်ပြန်ပေးခဲ့တဲ့
သမ္မတကြီးဦးသိန်းစိန်အားလည်း ကျေးဇူးတင်ပါတယ်..။

အထက်က အမေအိုတို့လို ပြည်သူ၊ ပြည်သားတွေရဲ့ ဘဝအမောတွေ ဖြေဖျောက်ပေးနိုင်ဖို့
စိတ်ကောင်း၊ စေတနာကောင်းနဲ့ ပြည်သူ့အကျိုးအတွက် ဆက်လက် ဆောင်ရွက်ပေးပါလို့
သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါတယ်..။ အိမ်နီးချင်းနိုင်ငံတွေကို
အမှီလိုက်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ကျရာကဏ္ဍကနေ အားသွန်ခွန်ဆိုက်
ကြိုးစားကြ ရပါတော့မယ်..။ ကြယ်တွေစုံတော့မယ့် အနာဂတ် မိုးကောင်းကင်မှာ အားလုံး
နိုင်ငံအကျိုးအတွက် ဝိုင်းဝန်း၊ ဆွေးနွေးတိုင်ပင် အဖြေရှာကြရအောင်ဗျာ..။
မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်း သာယာပါစေ..။

No comments:

Post a Comment