Sunday, February 5, 2012

အသားဈေး ကျဆင်းရေး ပုသိမ်စည်ပင်ရုံးရှေ့မှာ ဆန္ဒပြ

သားသတ်လိုင်စင် လေလံပွဲပြုလုပ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့မှာ မနေ့က မနက်ပိုင်းက အသားဈေးနှုန်း ကျဆင်ရေး ဆန္ဒပြသူတွေထဲက အဖမ်းခံခဲ့ရသူတွေ အခုညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်းသိရပါတယ်။
မနေ့က ဖေဖေါ်ဝါရီ ၂ရက် မနက်ပိုင်းမှာ အမဲ၊ ၀က်၊ ဆိတ်စတဲ့ အသားဈေးနှုန်း ကျဆင်းရေးအတွက်

ပုသိမ်မြို့ အသည်ကြီး ကုလားတန်းမှာ နေထိုင်တဲ့သူတွေ အပါအ၀င် ၁၆ ဦးက ဆန္ဒပြလို့ သူတို့အထဲက ၁၄ ဦးကို ပုသိမ် ခရိုင်ရဲမင်းကြီးရုံးက ဖမ်းဆီးခဲ့တာပါ။ တစ်ညလုံး စစ်ချက်ယူပြီး အာမခံနဲ့ ပြန်လွတ်ခဲ့တယ်လို့ အဖမ်းခံရသူ ကိုမိုးဇော်က ပြောပါတယ်။ အခုစွဲဆိုထားတဲ့ တာဝန် ၀တ္တရားနှောင့်ယှက်မူပုဒ်မ ၃၅၃ ဟာ ထောင်ဒဏ်၂ နှစ၊် ဒဏ်ငွေ ကျပ်နှစ်သိန်းအထိ အပြစ်ဒဏ်ပေးနိုင်တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေဟာ “၀ယ်ဈေး ၁၇၀၀၊ ရောင်းဈေး ၅၅၀၀၊ လုပ်သားပြည်သူများ မစားနိုင်၊ ဈေးနှုန်းလျှော့ချပေး” ဆိုတဲ့ စာသားပါ ပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာလို့ သိရပါတယ်။

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွတ်ပေးရေး တောင်းဆို

မတရားရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မူတည်ပြီး အပြစ်ပေးခံထားရသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဇန်န၀ါရီလအတွင်းက ပြန်လွတ်လာပေမယ့် ဖောက်ခွဲမှုနဲ့ စွပ်စွဲခံထားရသူတွေ ပြန်မလွတ်မြောက်သေးတာကို အကြောင်းပြုပြီး ခုလို မေတ္တာရပ်ခံစာ ထုတ်ပြန်ရတာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ ရှေ့နေဦးအေးမြင့် အမှုအကြောင်း ကိုလည်း အခုလို ပြောပြပါတယ်။ “ရှေ့နေဦးမြင့်အေးဆိုရင် ဆိုင်ကလုန်း နာဂစ် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်နေရင်းနဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရတာဖြစ်တယ်။ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိဘူးဆိုတာ အထင်အရှား ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကို အပြစ်ပေးထားတာတွေဟာ မတရား ရယူထားတဲ့၊ နှိပ်စက်ညှဉ်းပန်းပြီးမှ ရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မှာ မူတည်ပြီးတော့ အပြစ်ပေးခဲ့တယ် ဆိုတာတွေကိုလည်း အမှုတွဲတွေကို ဖတ်ရှု လေ့လာခြင်းအားဖြင့် တော်တော်များများက ဆင်တူဖြစ်နေတာ ကျွန်တော်တို့ တွေ့ရတယ်” အရင် စစ်အစိုးရ လက်ထက်မှာ ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စွမ်းအားမြှင့် စစ်သည်တော်များ အဖွဲ့ဝင်တွေကို တစ်ယောက်မှ ဖမ်းဆီးမိတာမရှိဘဲ ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ဒဏ် ကျခံနေရသူတွေ ရှိတယ်လို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။ ကိုမင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ် မြောက်လာတာကို AHRC က ကြိုပေမယ့် မလွတ်မြောက်သေးဘဲ ကျန်ရှိနေသေးတဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ရက်အဖွဲ့က ဦးမြင့်အေးလို၊ ၂၀၁၀ သင်္ကြန် ဗုံးဖောက်ခွဲမှုနဲ့ စွပ်စွဲခံရတဲ့ ကိုဖြိုးဝေအောင်လို၊ သံလျင် ရေနံချက်စက်ရုံ ဖောက်ခွဲမှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ကိုသန်းဇော်တို့လို ပြစ်ဒဏ် ကျခံနေရသူတွေဟာ စွပ်စွဲခံရသလို ပြစ်မှု ကျူးလွန်သူတွေ မဟုတ်ဘူး လို့လည်း AHRC က ပြောပါတယ်။

ကျမရဲ့ နှစ်သစ်ကူး (၂၀၁၂)

ကျမ အသက် ၂၀။ တောင်ကိုရီးယားနိုင်ငံမှာ ပညာသင်ယူနေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက ကျမ မြန်မာပြည်ကို ခဏပြန်ဖြစ်တယ်။ အိမ်ကို သတိရတာလည်း ပါတယ်။ နောက်ပြီးတော့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကိုလည်း သွားဖြစ်အောင် သွားချင်ခဲ့လို့ပါ။ ၁ရက်နေ့မှာ ရုပ်ရှင် ၁ပွဲ စကြည့်ဖြစ်တယ်။ ကျမ အရမ်း သဘောကျသွားတယ်။ ကျမတစ်သက် ဒီလို ရုပ်ရှင်ပွဲတော်မျိုး တစ်ခါမှ မကြုံးဖူးဘူး။ ဇာတ်လမ်းပြီးပြီ ဆိုတာနဲ့ ဒါရိုက်တာက ထွက်လာပြီး ပရိသတ်တွေနဲ့ ဆွေးနွေးတယ်။ ပရိသတ်တွေကလည်း လွတ်လပ်ပွင့်လင်းစွာ မေးမြန်းဝေဖန်လို့ ရတယ်။ ရုပ်ရှင်တွေက အရမ်းကောင်းပြီး အနှစ်သာရပြည့်ဝတယ်။ ကျမ လာရတာ တန်သွားပြီလို့ စိတ်ထဲတွေးလိုက်မိတယ်။

၂ရက်နေ့ မနက်ရောက်တော့ ကျမ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားမိတယ်။ ဒီနေ့ဟာ ၂၀၁၂ရဲ့ နှစ်စပိုင်းလည်းဖြစ် ၊ တနင်္လာနေ့လည်း ဖြစ်ဆိုတော့... ဟုတ်ပြီ။ ဒီနေ့ပဲ...။ ကျမ စိတ်ဒုံးဒုံးချလိုက်တယ်။ ရေမိုးချိုး ဗမာလို ကျကျနန ၀တ်၊ ပြီးတော့ ကျမ စုထားတဲ့ ပိုက်ဆံလေးနည်းနည်းရယ်၊ ၀ယ်လာတဲ့ လက်ဆောင်ထုပ်လေးရယ်ကို အိတ်ထဲ သေချာထည့်ပြီးတော့ အိမ်က ထွက်လာခဲ့တယ်။ မြေနီကုန်းကို ဘတ်စ်ကားစီးပြီး သွားလိုက်တယ်။ ပန်းဝယ်ဖို့ပါ။ ပန်းဆိုင်လည်း မတွေ့တာနဲ့ တက္ကစီ တစ်စီးငှားလိုက်တယ်။ အင်းလျားလမ်းနဲ့ တူပါတယ်။ အဲဒီ့နားက ဈေးမှာ တက္ကစီက ချပေးပြီး စောင့်နေတယ်။ ဈေးထဲကို ၀င် ပန်းဆိုင်မှာ နှင်းဆီပန်း အ၀ါရောင် အပွင့် နှစ်ဆယ်လောက် ၀ယ်ပြီး ဈေးသည် အမကို ပန်းစည်း လှလှလေး လုပ်ခိုင်းလိုက်တယ်။

တက္ကစီ ပြန်စီးပြီး ထွက်လာခဲ့တယ်။ ကျမ ရန်ကုန်လည်း သိပ်မကျွမ်းပါဘူး။ နယ်ကမို့ပါ။ ကားသမားက ညီမလေး ရောက်ပြီ ဆိုမှပဲ ကျမ ကားခရှင်းပြီး ကားပေါ်က ဆင်းလိုက်တယ်။ ရောက်ပါပြီ။ သတင်းမွှေးတဲ့ ဟောဒီ သမိုင်းဝင် နေရာ...။ သေချာတောင် မကြည့်လိုက်မိတော့ပါဘူး။ ကျမ ကားလမ်း ဖြတ်ကူးပြီး ခပ်တည်တည်ပဲ ရှေ့တည့်တည့်ကို သွားလိုက်တယ်။ ဗဟန်း အဖွဲ့ချုပ်ရုံးပါ။ ရုံးရှေ့က လူတစ်ချို့ကို မေးမြန်းပြီး ကျမ ရုံးထဲ ၀င်သွားလိုက်တယ်။ ရုံးထဲမှာ လူတော်တော်များတယ်။ ၃၀ရက်နေ့က လုပ်တဲ့ ရံပုံငွေ ဂီတပွဲတော်နဲ့ ဈေးရောင်းပွဲတော် ပြီးခါစမို့နဲ့ တူပါတယ်။ ကောင်တာလေးတွေ ခွဲပြီး ရုံးထဲမှာပဲ ဈေးရောင်းပွဲတော် အသေးစားမျိုးလေး လုပ်ထားတယ်။ ဂျပန်ကနေ လေ့လာရေးလာတဲ့ ကျောင်းသူလေး တစ်ချို့လည်း ရှိတယ်။

 ကျမက ရံပုံငွေ ထည့်ချင်လို့ပါ ဆိုတော့ ဘယ်အတွက် ထည့်ချင်ပါလဲတဲ့။ တစ်လောက စက်ဆန်း မီးဘေး အတွက်လည်း ရှိတယ်။ နောက် နိုင်ငံရေး အကျဉ်းသားများ အတွက်၊ အောင်နိုင်ရေး ပြီးတော့ ပညာရေး...။ ကျမက ပညာရေးလို့ ပြောတော့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ကောင်တာကို ညွှန်ပေးတယ်။ အဲဒီ့မှာ လှူစရာ ရှိတာ လှူပြီးတော့ ကျမက မေးလိုက်တယ်။ ကျမ ယူလာတဲ့ ပန်းစည်းနဲ့ လက်ဆောင်လေးကို အမေစုကို ပေးပေးနိုင်မလားပေါ့။ အဲဒီတော့ ကောင်တာက အန်တီက ပြန်ပြောတယ်။ အမေစု အပေါ်မှာ အစည်းအဝေးလုပ်နေတယ်တဲ့။ ဆင်းလာတော့ သမီး ကိုယ်တိုင် ပေးလိုက်လေတဲ့။ ကျမ အရမ်း စိတ်လှုပ်ရှားသွားတယ်။ ကိုယ့်နားကိုယ်တောင် မယုံနိုင်သလို ဖြစ်သွားတယ်။ မျှော်လင့်မထားလို့ မဟုတ်ပါဘူး။ မျှော်လင့်ထားတဲ့အတိုင်း တစ်ကယ် ဖြစ်လာလို့ပါ။ ကျမ ရက်ရွေးမှန်သွားပြီ။

အမေစု ဆင်းအလာကို စောင့်နေရင်းနဲ့ ရုံးထဲ ဟိုဟိုဒီဒီ ငေးနေမိတယ်။ တစ်အောင့်နေတော့ တာဝန်ရှိတဲ့ လူတစ်ယောက် ရောက်လာပြီး ကျမရဲ့ ပန်းစည်းနဲ့ လက်ဆောင်ကို လာစစ်ဆေးတယ်။ သူက ခွင့်တောင်းပါတယ်။ အမေစု လုံခြုံရေးအရပါတဲ့။ ကျမ နားလည်ပါတယ်။ လာမစစ်မှ ကျမက အမေ့ လုံခြုံရေး ပေါ့လျော့လွန်းတယ်ဆိုပြီး အပြစ်တင်မိမှာ။ နောက်တော့ ရုံးထဲ ဓာတ်ပုံ လျှောက်ရိုက်နေတဲ့ ခရီးသွား နိုင်ငံခြားသူ တစ်ယောက်နဲ့ စကားလက်ဆုံကျဖြစ်တယ်။ ကျမက အမေစုကို ပန်းစည်းပေးဖို့ စောင့်နေတာလို့ ပြောတော့ သူက အရမ်း အံ့သြသွားပြီး သူလည်း စောင့်မယ် ဖြစ်သွားတယ်။ စောင့်ရင်း စောင့်ရင်းနဲ့ ကျမ စိတ်တွေ အရမ်း လှုပ်ရှားလာတယ်။ တစ်ကယ့်ကို (လန့်မနိုးချင်တဲ့)အိပ်မက်ရှည်ကြီး တစ်ခုလိုပါပဲ။ ဗမာပြည်ရဲ့ လတ်တလော အပြောင်းအလဲတွေကို အင်တာနက်စာမျက်နှာတွေထဲက မဟုတ်ဘဲ အခုလို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရတာဟာ တကယ့်ကို မယုံနိုင်စရာပါ။

ကျမ အဖွဲ့ချုပ်ကို သွားလှူဖို့ အစီအစဉ်ရှိတယ်လို့ အိမ်ကို ပြောတော့ လူကြီးတွေက စိတ်ပူကြတယ်။ ဘယ်လောက်ပဲ ပြောင်းလဲလာပြီဆိုပေမယ့်လည်း အကြောက်တရားတွေ အရိုးစွဲနေတဲ့ ပြည်သူပြည်သားတွေ အတွက်တော့ လျင်မြန်တဲ့ အပြောင်းအလဲတွေနဲ့ အသားကျဖို့ ရုတ်တရက် ခဲယဉ်းနိုင်ပါတယ်။ ကျမကတော့ ဒီလို ပွင့်လင်းလာတဲ့ အချိန်မျိုးမှာ အခွင့်အရေးကို လက်လွတ်မခံနိုင်ပါဘူး။ အရင်ကတော့ အဖိနှိပ်ခံရလို့ အခွင့်အရေးတွေ ဆုံးရှုံးရတယ်။ အခုလည်း အကြောက်တရားကြောင့် နောက်တစ်ခါ ထပ်အဆုံးရှုံးမခံနိုင်ပါဘူး။ ပြီးတော့ ကိုယ်ယုံကြည်တဲ့ အဖွဲ့အစည်းကို အများအကျိုးအတွက် လှူဒါန်းတာ၊ ကိုယ် လေးစားချစ်ခင်ကြည်ညိုတဲ့ သူကို ဂါရ၀ပြုတာဟာ ဘယ် ဥပဒေနဲ့မှ မငြိစွန်းပါဘူး။ အဲဒီအတွက် ကျမ နည်းနည်းလေးမှ မကြောက်မိပါ။
 အမေစုရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ အကိုတွေ လှုပ်လှုပ်ရွရွဖြစ်လာတော့ အမေစု မကြာခင် ဆင်းလာတော့မယ်လို့ ကျမ နားလည်လိုက်တယ်။ ကျမလည်း အသင့်အနေအထားနဲ့ ရပ်နေမိတယ်။ အသက်ရှူတွေလည်း မြန်လာတယ်။ မကြာပါဘူး။ အမေစု ကျမရှေ့မှာ ဘွားခနဲ ပေါ်လာတယ်။ အမေစုက တိုက်တိုက်ဆိုင်ဆိုင်ပဲ အ၀ါရောင် အင်္ကျီနဲ့ နှင်းဆီပန်း အ၀ါရောင်လေး ပန်ထားတယ်။ ကျမ ယူလာတဲ့ ပန်းစည်းနဲ့ အံကိုက်ဖြစ်သွားတာပေါ့။ ကျမလည်း ရုတ်တရက် ကြောင်သွားသေးတယ်။ နောက်မှ သတိပြန်ဝင်ပြီး ပန်းစည်းနဲ့ လက်ဆောင်ကို အမေစုကို ကမ်းပေးလိုက်တယ်။ အဲဒီတော့ အမေက ကျမကို ကြည့်ပြီး ကျေးဇူးတင်ပါတယ်တဲ့။ ကျမ အသက်ရှူရပ်သွားသလို ခံစားလိုက်ရတယ်။ အမေ့ကိုလည်း ရယ်ပြရုံကလွဲပြီး ဘာဆိုဘာမှ ပြန်မပြောနိုင်လိုက်ပါဘူး။ အမေက ရုံးထဲက ထွက်ပြီး ကားပေါ် တန်းတက်သွားတယ်။ ကျမလည်း လိုက်ထွက်သွားမိတယ်။ အမေက ကားထဲကနေ ပြုံးပြီး လက်တောင် ပြသွားသေးတယ်။



ကျမ ထင်ပါတယ်။ အမေစု ကျန်းမာပါစေတို့ သက်တော်ရာကျော်ရှည်ပါစေတို့ စတဲ့ စကားတွေ တစ်ခွန်းမှ မပြောလိုက်နိုင်ပေမယ့် ကျမ ခံစားချက်တွေ အကုန်လုံး အမေစု ကျမမျက်ဝန်းထဲကနေတဆင့် သိလောက်ပါတယ်လေ။ ထွေထွေထူးထူး ပြောနေစရာတောင် မလိုလောက်ပါဘူး။ ပြီးတော့ ကျမ ဒီနေ့လာရတဲ့ ရည်ရွယ်ချက်က အလှူထည့်ဖို့နဲ့ အမေ့အတွက် လက်ဆောင်တွေ ထားခဲ့ဖို့လေ။ အခုလို အမေ့ကို ကိုယ်တိုင်ပေးခွင့်ရတော့ တကယ့်ကို အတိုင်းထက်အလွန်ပါပဲ။ အမေ့ကို စကားတခွန်းမှ မပြောလိုက်နိုင်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ချင်တော့ပါဘူး။ အဲဒီ့ ဆယ်စက္ကန့် မပြည့်တပြည့် အခိုက်အတန့်လေးဟာ ကျမအတွက်တော့ တစ်ဘ၀စာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အမေစုနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ မကျန်ရစ်ခဲ့လို့လည်း ကျမ ၀မ်းမနည်းပါဘူး။ အမေစုရဲ့ စူးရှတဲ့ မျက်ဝန်းအစုံကနေ ကျမ စွမ်းအင်တွေ ရခဲ့လို့ပါ။

ရုံးက အပြန် ညနေပိုင်း တစ်ပိုင်းလုံး ရုပ်ရှင်ပွဲတော်မှာပဲ ရှိနေခဲ့ပါတယ်။ ၃ရက်နေ့လည်း ထိုနည်းလည်းကောင်းပါပဲ။ ၄ရက်နေ့ ဆုပေးပွဲ အခမ်းအနားလည်း သွားဖြစ်ခဲ့ပါတယ်။ အဲဒီလို ရန်ကုန်မှာ အချိန်တွေကို အကျိုးရှိရှိ အသုံးချခဲ့ပြီးတဲ့နောက်မှာတော့ ကျမ မွေးရပ်မြေကို သွားလည်ဖြစ်ပါတယ်။ အဲဒီမှာတော့ စာကြည့်တိုက်မှာ စာအုပ် အနည်းငယ် လှူဖြစ်ခဲ့ပါတယ်။ ပြီးတော့ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားလေးတွေကို ကျမရဲ့ ပညာသင် ဘ၀အကြောင်းနဲ့ ပညာသင်ဆု ရရှိခဲ့ပုံလေးတွေကို သွားရောက်ပို့ချဖြစ်ခဲ့ပါတယ်။

ဒီ့အပြင် အခြားအခြားသော အတွေ့အကြုံသစ်ပေါင်း များစွာကို ကြုံတွေ့ခဲ့ပြီးနောက်မှာတော့ ကျမရဲ့ တစ်လတာ ခရီးဟာ အောင်မြင်စွာပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ ဗမာပြည်ကြီးမှာ အပြောင်းအလဲတွေလည်း တွေ့ခဲ့ရသလို မပြောင်းလဲသေးတာတွေလည်း ရှိနေဆဲပါပဲ။ အထက်ဖော်ပြပါ ရုပ်ရှင်ပွဲတော်လို ရုံးချုပ်ကို ၀င်ထွက်သွားလာနိုင်တာတို့ကတော့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတွေလို့ ဆိုရမှာပါ။ နောက်တစ်ခုကတော့ ဓာတ်ဆီ တန်းစီနေတဲ့ ကားတန်းကြီးတွေ မရှိတော့တာပါ။ မီးတွေလည်း သိပ်မပျက်တော့ပါဘူး။ ပြီးတော့ ဂျာနယ်တွေပေါ့။

ဒါပေမယ့် ဖုန်းတွေကတော့ ဆက်သွယ်မှုဧရိယာပြင်ပကို မကြာမကြာ ရောက်နေဆဲပါပဲ။ အင်တာနက်ပေါ်က ပိတ်ထားတဲ့ စာမျက်နှာတွေလည်း ပွင့်ပါပြီ။ ဒါပေမယ့် အရင်လိုပဲ အချိန်ပေး စိတ်ရှည်ရှည်ထားပြီး သုံးနေရတုန်းပါပဲ။ ပြီးတော့ မဟာရန်ကုန်က ဘတ်စ်ကားတွေ အထူးသဖြင့် မြို့ပတ်ရထားတွေ ပြီးတော့ အဲဒီ ကားတွေ ရထားတွေပေါ်က လူတွေရဲ့ ဘ၀တွေ...၊ သုံးတန်းအရွယ် ကျမ မောင်လေးရဲ့ အကျိုးမရှိဘဲ များလွန်းတဲ့ အိမ်စာတွေနဲ့ တက္ကသိုလ်ဝင်တန်းဖြေဖို့ ကျမ ညီမလေး မိုးလင်းမိုးချုပ် အပြေးအလွှား တက်နေရတဲ့ ကျူရှင်တွေရယ်ပေါ့။

ဒါ့အပြင် အများကြီး ရှိဦးမှာပါလေ။ ဒါပေမယ့် ကျမ စိတ်လည်း ရှည်ပါတယ်။ အကောင်းလည်း မြင်ပါတယ်။ အခုလည်း ကျောင်းပိတ်ရက်လေးကို အသုံးချပြီး ကျမ လုပ်နိုင်တာလေးတွေ လုပ်ဖို့အတွက် ပြန်သွားခဲ့တာပါ။ အခုတော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကနေ ကျမရဲ့ ကျန်ရှိနေသေးတဲ့ သုံးနှစ်တာ ပညာသင်ကာလကို ကျော်ဖြတ်နိုင်ဖို့ အင်အားသစ်တွေလည်း ရရှိခဲ့ပါတယ်။ ပြီးတော့ ဘွဲ့ရပြီးရင် ကျမ ဘာတွေ လုပ်နိုင်လဲ၊ ဘာတွေ လုပ်သင့်လဲ ဆိုတာတွေအတွက် စဉ်းစားပြင်ဆင်နိုင်ဖို့ ပညာတွေလည်း ရခဲ့ပါတယ်။ ကျမအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါပဲရှင်......။

ရွှေတင်မွှန်း
 

အများပြည်သူကို အထိတ်တလန့်ဖြစ်စေမည်

အများပြည်သူကို အထိတ်တလန့်ဖြစ်စေနိုင်သည့် စာသားများပါဝင်သော Text Message ကို MCPT မှ ပေးပို့လျက်ရှိကြောင်း သိရသည်။ အဆိုပါ Text Message တွင်ပါဝင်သောစာများမှာ  'ဂျီအက်စ် အမ်ထပ်ဆင့်လွှင့်တိုင်များကို လိုင် စင်မဲ့ အသုံးပြုခြင်းများရှိပါက ချက်ခြင်း ရပ်တန့်ဖယ်ရှားရမည်။ အကယ်၍ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်'ဟူ၍ ဖြစ်သည်။

ယခုကဲ့သို့ Message ပေးပို့မှုနှင့်ပတ်သက်၍ သုံးစွဲသူများအကြား  ဝေဖန်မှုများလည်းရှိနေကြောင်း သိရသည်။''ရုတ်တရက်ဆိုတော့ လန့်သွားတယ်။ ပို့တဲ့ Message ထဲမှာIf you use GSM repeater without licence, remove immediately လို့ ပါတော့ ရိုးရိုးသားသားသုံးနေတဲ့သူက repeater ဆိုတာ ဘာလဲ ချက်ချင်းမသိကြဘူး။ ပြီးတော့ Omitting shall dealt with according to law လို့ ခြိမ်းခြောက်သလို ပါလာတာတော့ မကောင်းဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီခေတ်ကြီးမှာ အများပြည်သူကို တစ်ခုခုအသိပေးမယ်။ သတိပေးမယ်ဆိုရင်တော့ အသုံးအနှုန်းတွေကအစ သတိပြုစေချင်ပါတယ်''ဟု GSM သုံးစွဲသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါ Message နှင့်ပတ်သက် ၍ ''ကျွန်တော်တို့ဆီမှာ GSM လိုင်းမမိတဲ့နေရာတွေမှာ သုံးလို့ရအောင်ဆိုပြီး လူတွေက GSM repeater တွေကို တိတ်တိတ်ဝယ်ပြီး သူတို့အိမ်မှာသော်လည်းကောင်း၊ ရုံးမှာသော် လည်းကောင်း တောင်းပြီးသုံးကြတယ်။ သုံးတဲ့အခါမှာတော့ ဘာဖြစ်လဲဆိုတော့ အဲဒီဟာထောင်ထားရင် အဲဒီအနီးအနားမှာရှိတဲ့ လိုင်းဆွဲအားတွေကို အကုန်လုံးဖမ်းယူလိုက်တဲ့အတွက် ဂျီအက်စ်အမ် လိုင်းအားတွေကို ဖမ်းယူ လိုက်တယ်။ တခြားသူတွေလိုင်းမရ တော့ဘဲ သူတစ်ယောက်တည်းပဲသုံး လို့ရတော့တယ်။ အဲဒါမျိုးကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ဥပဒေအ ရလည်း ခွင့်ပြုထားတာမရှိသေးဘူး။ Public ကို သုံးခွင့်မပေးဘူး။ အရေးယူလို့ရတယ်။ အဲဒါမျိုးတွေကိုပြောတာ။ တရားဝင်ခွင့်ပြုထားတဲ့ Directional antenna လေးတွေတော့ ရှိတယ်။ အဲဒါမျိုးကိုပြောတာမဟုတ်ဘူး။ ဥပမာ GSM repeater ဆိုတာက လိုင်းတွေကို အကုန်စုပ်ယူ လိုက်ပြီး သူတစ်ယောက်တည်း သုံးလို့ရအောင် လုပ်လိုက်တာ။ ခုအင်တာနာ တွေကျတော့ သူရောတခြားဖုန်းတွေပါသုံးလို့ရတယ်။ အဲဒါကြောင့်မို့ ဌာနကဒါတွေ တရားမ၀င်တဲ့အတွက် သူများကိုထိခိုက်တဲ့အတွက် ဥပဒေအရ မကြာမီအရေးယူမှာမို့ ဖြုတ်ခိုင်းတာပါ။ မကြာမီ GSM repeater တပ်ပြီး သုံးနေတဲ့သူတွေကို စစ်ဆေး ဖော်ထုတ်မှာပါ။  Repeater Station  တွေကို တရားဝင်ခွင့်ပြုထားတာ မရှိသေးဘူး။ ဆက်သွယ်ရေးက လိုင်စင်ယူထားပေးတဲ့သူမှသာလျှင် သုံးလို့ရတယ်''ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

သတင်းစာမှာပါတဲ့ ဂျာနယ်တွေဆိုတာ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေကို သိမ်းကျူံးဆိုလိုတာဖြစ်နေတယ်။ ဂျာနယ်တွေအနေနဲ့ကလည်း ရရှိတဲ့သတင်းတွေအပေါ်မှာ အများပြည်သူအတွက် ရေးသင့်ရေးထိုက်တာ ရေးသားဖော်ပြကြတာပါ  . . .
''ထုတ်ပြန်တာပဲဖြစ်ဖြစ်၊ အသိပေးတာပဲဖြစ်ဖြစ်၊ သတိပေးတာပဲ ဖြစ်ဖြစ် ဒီလိုကာလမျိုးမှာ သတိပြုလုပ်ဆောင်သင့်ပါတယ်။ သတင်းမီဒီယာခေတ်မှာ မီဒီယာတွေကတစ်ဆင့် ထုတ်ပြန်လို့ရသလို သက်ဆိုင်ရာဌာနရဲ့ ၀က်ဘ်ဆိုက်ကနေ အရင်  အသိပေး ထုတ်ပြန်သင့်ပါတယ်။ သုံးစွဲသူတွေနားလည်အောင် သေချာရှင်းပြအသိပေးသင့်ပါတယ်''ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့ပါသည်။
''ဒီ Message ကိစ္စမတိုင်ခင် ၅၀၀၀ ကျပ်တန် ဖုန်းကိစ္စနဲ့ပတ်သက်ပြီး အစိုးရသတင်းစာကနေ မြန်မာ့ဆက်သွယ်ရေးရဲ့ကြေညာချက်ဆိုပြီး ပါလာတယ်။ အဲဒီမှာ ဂျာနယ်တွေက ဖော်ပြထားတာကို မှတ်ချက်ပေးထား တာလည်း ပါတယ်။ သတင်းစာ ကနေပြီး ဂျာနယ်တွေက ဘယ်လိုဆိုတာမျိုးပြန်ရှင်းတာက ဂျာနယ်တွေအပေါ် လူတွေရဲ့ယုံကြည်အားကိုးမှုကို ထိပါးသလိုဖြစ်နေတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ မရှိသေးပါဘူး။ အပတ်စဉ်ထုတ်ဂျာနယ်တွေအဖြစ်ပဲ ရပ်တည်နေရဆဲပါ။ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို စတဲ့မီဒီယာတွေက အစိုးရပိုင်အနေနဲ့ပဲ ရှိပါသေးတယ်။ အဲဒီတော့ သတင်းစာမှာပါတဲ့ ဂျာနယ် တွေဆိုတာ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေကို သိမ်းကျူံးဆိုလိုတာဖြစ်နေတယ်။ ဂျာနယ်တွေအနေနဲ့ကလည်း ရရှိတဲ့သတင်းတွေအပေါ်မှာ အများပြည်သူအတွက် ရေးသင့်ရေးထိုက်တာ ရေးသားဖော် ပြကြတာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ အများပြည်သူ သက်သက်သာသာ သုံးနိုင်မယ့်အခြေအနေမျိုးဆိုရင်တော့ ဖြစ်စေချင်ပါ တယ်။ တကယ်တော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဆိုတာ ပြည်သူကို ၀န်ဆောင်မှု ပေးရမယ့်ဌာနလို့ ထင်ပါတယ်။ အခုလိုမျိုး Repeater မသုံးနဲ့လို့ ပြောမယ့်အစား လိုင်းတွေကို ပိုကြည်အောင်လုပ်ပေးသင့်တယ်။ အခု GSM အသစ်တွေချခါနီးမှာ လိုင်းတွေက ပိုဆိုးလာတယ်။ အများပြည်သူက နိုင်ငံတကာနှုန်းထက် အဆပေါင်းများစွာ ပိုပေးရတဲ့နှုန်းထက် သိသိကြီးပေးရ၊ သုံးရတယ်။ လိုင်းလည်း မကြည်ဘူး။ လိုင်းကြည်အောင်အတွက် Repeater သုံးတော့လည်း ဥပဒေအရ အရေးယူမယ်လို့ Text Message ပို့တယ်။ Repeater မသုံးစေချင်ရင် လိုင်းကြည်အောင် လုပ်ပေးပါ။ ဥပဒေဆိုတာ လိုက်နာသင့်တဲ့ စည်းကမ်းဆိုတာမှန်ပေမယ့် တရားမျှတမှုရှိမှသာ တရားဥပဒေ ဖြစ်မှာဖြစ်သလို ဒီတရားတဲ့ဥပဒေကို လူတွေလိုက်နာမှသာ တရားဥပဒေ စိုးမိုးမှုဆိုတာ ဖြစ်ပေါ်မှာပါ။ အသေးအဖွဲဆိုပေမယ့် ဒီပြောင်းလဲနေတဲ့ အပြောင်းအလဲမှာ ဂရုစိုက်စေချင်ပါတယ်။ အခုထိဖုန်းဝယ်သုံးရင် မြန်မာ့ဆက်သွယ်ရေးက ငှားရမ်းသုံးစွဲတယ်ဆိုတဲ့ စာချုပ်ကလည်း ခေတ်နဲ့မလျော်ညီတော့ပါဘူး''ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့သည်။
 
ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း
၁၉၉၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ဒုတိယအများဆုံးရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ဥက္ကဌ၊ ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်နယ်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းမှုဖြင့် ထောင်ဒဏ် ၉၃ နှစ် ကျခံခဲ့ရပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် စတ္ထုအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူထောင်မှ လွတ်မြောက်လာခဲ့သူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်ဦးအား The Messenger ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
 မေး     ။         ။         ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို မှတ်ပုံတင်မယ်လို့ ကြားပါတယ်။ ကြားဖြတ်ရွေး ကောက်ပွဲကိုရော ၀င်ပြိုင်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ      ။         ။         ပါတီကို မှတ်ပုံတင်ဖို့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်လိုက်ပါပြီ။  မှတ်ပုံတင်တယ်ဆိုတာကလဲ ကြားဖြတ် ရွေးကောက်ပွဲ စာရင်းပိတ်တဲ့နေ့နဲ့ တိုက်ဆိုင်ပြီးတော့မှ တင်မယ်။ အဲဒါ မပြီးမချင်း ကျွန်တော်တို့ မတင်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ အစီအစဉ်မရှိလို့ပါ။
 မေး     ။         ။         SNLD ကို တရားဝင်ပါတီအဖြစ် ပြန်ရပ်တည်မယ်ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ( SNDP ) နဲ့ရော ပူးပေါင်းဖို့ အစီအစဉ်ရှိပါသလား။
ဖြေ      ။         ။         ကျားဖြူပါတီက ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ လာကမ်းလှမ်းပါတယ်။ ဒါပေမဲ့ မူဝါဒမတူဘူး။ သူက လက်ရှိအစိုးရ သွားနေတဲ့မူအတိုင်းသွားမယ်၊ ဆန့်ကျင်ဘက် မူဝါဒကို မသုံးဘူး၊ မလုပ်ဖူးဆိုတော့ ကျွန်တော်တို့က အဲဒီလိုမဟုတ်ဖူး။ ကျွန်တော်တို့က အရှိကို အရှိအတိုင်း အမြင်ကို အမြင်အတိုင်း ကျွန်တော်တို့ ပြောမယ်၊ ပြင်သင့် ပြင်ထိုက်တာတွေ ကျွန်တော်တို့ ပြောမယ်၊ ကျွန်တော်တို့က အမှန်အတိုင်း ပြောမယ်၊ ဖမ်းတာ မဖမ်းတာ သူတို့အလုပ် ပြောရမဲ့ တာဝန်ကျွန်တော်တို့မှာ ရှိတယ်။ ဆိုတော့ ခုလောလောဆယ်တော့ ပူးပေါင်းဖို့ မဖြစ်နိုင်သေးပါဘူး။

မေး     ။         ။         ခုလက်ရှိအစိုးရရဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သတ်ပြီး တော့ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ။
 ဖြေ      ။         ။         မြင်တာကတော့ ထင်သလောက် စိတ်မချရသေးဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကရင်နဲ့ လက်မှတ်ထိုးပြီးတော့ ကချင်နဲ့ တိုက်ပွဲ ၀င်နေတယ်။ ပြီးတော့ ကချင်ကိစ္စမှာ တော်တော်လေးကို သိသာတယ်။ တိုင်းရင်းသား တွေက ပြည်မ အစိုးရကို မယုံဘူး။ မယုံတဲ့အတွက် တရုတ်ပြည်မှာ သွားလုပ်ရတယ်။ ဒါတွေက သက်သေ သကာရတွေပဲလေ။ အဲတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့ ဆိုတာ လိုသေးတယ်လို့ ကျွန်တော် ပြောချင်တယ်။

မေး     ။         ။         ယုံကြည်မှု တည်ဆောက်ဖို့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ နှစ်ဘက်စလုံးမှာ ဘာတွေ ဖြည့်ဆည်းဖို့ လိုအပ်နေတယ်လို့ အန်ကယ်ထင်ပါသလဲ။
ဖြေ      ။         ။         နည်းဗျူဟာ လိုနေတယ်။ အနာသိပြီ ဆေးရှိပြီ။ ဒီဆေးက ကြီးတယ် ခါးတယ်ဆိုပြီးတော့ မသောက်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၆၀ လုံး ပြည်တွင်းစစ်ကြီးနဲ့ သွားနေတယ် ဆိုတာ မဟုတ်တဲ့ဟာကြီး။ အမျိုးသားညီလာခံမှာလဲ ၁၇ ဖွဲ့လုံးတက်လာကြတာပဲ။ ကျွန်တော်က တိုင်းရင်းသားအရေးအတွက် ဘာမှမပါဘူးဆိုပြီးတော့ ထွက်လာခဲ့တယ်။ အဲဒီအငြိုးနဲ့ ဖမ်းတယ်ဆိုတာလဲကျွန်တော်သိတယ်။ သူတို့ရဲ့ သဘောက ညီလာခံပြီးအောင် အချိန်ဆွဲလုပ်မယ်၊ ပြီးတော့ ပြန်တိုက်လို့ရတာပဲ ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒီတော့ ဆိုလိုတာက အစိုးရအနေနဲ့ကတော့ တိုင်းရင်းသားအပေါ်မှာ မဟာဗျူဟာရော နည်းဗျူဟာရော ပြောင်းသင့်တယ်လို့ ထင်တယ်။ အဓိကကတော့ အစိုးရရဲ့  MIND SET ပြောင်းဖို့လိုတယ်။ ကျင့်ဝတ် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုရအောင် ပြောင်းလဲဖို့ဆိုတာ တကယ့်ကို ပြင်းထန်တဲ့ ဆန္ဒရှိရမယ်။ အဲဒီအပြင် အစိုးရက ရိုးသားရမယ်။ ဆိုခဲမြဲစေဆိုတဲ့ စကားတွေတည်သင့်တယ်။ ဒါမှသာလျှင် တိုင်းရင်းသားတွေက ယုံမယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နှစ် ၁၀၀ လည်း ဒီတိုင်း ဖြစ်နေမှာပဲ။     
 မေး     ။         ။         ၂၀၀၈ အခြေခံ ဥပဒေ ရေးဆွဲစဉ်တုန်းက တိုင်းရင်းသားရေးအတွက် ဘာမှ မပါလို့ အန်ကယ်ထွက်ခဲ့တယ်၊ ခုတခါ SNLD ကို မှတ်ပုံပြန်တင်မယ်၊ ရွေးကောက်ပွဲ ၀င်မယ်။ ပါတီနိုင်ငံရေးလုပ်မယ်ဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းရင်းသားအရေး ဆောင်ရွက်နိုင်လိမ့်မယ်လို့ အန်ကယ်ယူဆထားပါသလား။
 ဖြေ      ။         ။         အဲဒါကတော့ တဖြည်းဖြည်းနဲ့ ပြောင်းယူရမယ်။ အခု ဒေါ်အောင်ဆန်းစုကြည် သွားဖို့ ကြိုးစားနေပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်တော်ထဲမှာ တွေ့ရင်တော့ ကြိုးစားကြည့်ကြရမှာပဲ။ ကျွန်တော်က တိုင်းရင်းသားပါ။ နည်းနည်းလေးတော့ တိုင်းရင်းသားအရေးတော့ ပြောမှာပါ။ အဓိကကတော့ ပြောဖို့ပါ။ ရွေးကောက်ပွဲမှာ နိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားရမယ်။ ကျွန်တော်တို့ ပါလီမန်အတွင်းမှာပဲ ပြောင်းလဲဖို့ လုပ်ရမယ်။ အခြေခံဥပဒေက ၇၆ ရာခိုင်နှုန်းရမှ ပြင်လို့ရမှာကိုး။ အခုက ပါတီတွေက ၁၆ ရာခိုင်နှုန်းပဲ ရှိတဲ့အတွက် ဘာမှ လုပ်လို့မရသေးဘူး။ အခုကတော့ ထားလိုက်ပါတော့ ၂၀၁၅ ကျရင်တော့ ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းပြောကြတာပေါ့။ ဒါက ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်ပါ။ ဒါပေမဲ့ အစိုးရက ဒီကြားထဲမှာ စစ်မှန်တဲ့ ကြီးမားတဲ့ ပြည်ထောင်စု ညီလာခံ ခေါ်ပေးမယ်လို့ ပြောနေတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ တိုင်းရင်းသားအသီးသီးက တင်ပြကြမှာပဲ။ အဲဒီမှာ ပြင်ဆင်မှု တချို့တ၀က်ရမယ်လို့ ကျွန်တော်မျှော်လင့်တယ်။
 မေး     ။         ။         အန်ကယ် အကျဉ်းထောင်က ထွက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဆုံပြီးပါပြီလား။
ဖြေ      ။         ။         ဒေါ်အောင်ဆန်းစုကြည်ကို အားနာနေတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဒီလောက် အလုပ်များနေတာ။ တော်တော်တောင် အသံဝင်နေပြီ။ ဖတ်ဖတ်မောနေပြီး။ အားလုံးပြီးတော့မှ လကုန်ပြီးလောက်မှ သွားတွေ့ပါမယ်။ လွတ်လာတာ သူ့ကျေးဇူးလည်းရှိပါတယ်။ သူက တစိုက်မတ်မတ် တောင်းဆိုခဲ့တယ်လေ။ ဒါပေမဲ့ သူ့ကို အနှောင့် အယှက်မဖြစ်စေချင်ပြီး။ သူ့အလုပ်တွေ ပြီးပြီဆိုတော့မှ အေးဆေးဖြစ်တော့မှ ကျွန်တော်တို့ ဗဟိုကော်မတီနဲ့အတူ သူ့ကို သွားတွေ့ပါမယ်။

မေး     ။         ။         ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်အပေါ်မှာရော အန်ကယ် ဘယ်လို ယူဆမိပါသလဲ။
ဖြေ      ။         ။         ဒါကတော့ ပါတီတစ်ခုရဲ့မူပဲ။ နည်းဗျူဟာနဲ့ မဟာဗျူဟာရှိပါတယ်။ ကျွန်တော်တို့ အတွက်တော့ ဒါကတော့ အနည်းငယ်တော့ အံ့သြပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်ကြည့်မယ်ဆိုရင်တော့ သူ့နည်းဗျူဟာနဲ့သူ ဆုံးဖြတ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ အနေနဲ့ မှားတယ်မှန်တယ်ဆိုတာကိုတော့ ကျွန်တော်မပြောပါရစေနဲ့။

မေး     ။         ။         SNLD ကို တရားဝင်ပါတီအဖြစ် မှတ်ပုံပြန်တင်မယ်ဆိုတဲ့ နေရာမှာရော ဘယ်လို ယုံကြည်ချက်မျိုး ဘယ်လို မျှော်လင့်ချက်မျိုး ထားထားပါသလဲ။
ဖြေ      ။         ။         SNLD ကို မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်တယ်ဆိုတာက ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်လုပ်တာပါ။ ရှင်းရှင်းပြောရရင် လိုအပ်လာပြီထင်လို့ ကျွန်တော်တို့ လုပ်တာပါ။ တိုင်းရင်းသားလက်နက်ကိုင်တချို့လည်းဆန္ဒရှိနေတယ်။ အစဉ်အလာအရ ကျွန်တော်တို့လည်း  သူတို့ကို ခေါင်းဆောင်ခဲ့တယ်ဆိုတော့ သူတို့က တွန်းအားလည်း ပါပါတယ်။

မေး     ။         ။         အန်ကယ့်ကို အကျဉ်းချပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ပြင်ပမှာ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီလို အဖွဲ့အစည်းမျိုးကိုရော အန်ကယ့်အနေနဲ့ ဘယ်လို ထင်မြင်ယူဆပါသလဲ။

ဖြေ      ။         ။         အဲဒါကတော့ ကျွန်တော်တို့နဲ့ အဆက်အသွယ်တွေ တော့မရှိဘူး။ ဒါပေမဲ့ တစ်ခုသွားတူတာက ဒီခရီးကို ကျွန်တော်တို့ တူတူလျှောက်ကြတာပဲခင်ဗျ။ သူက လေယာဉ်ပျံနဲ့သွားမယ်။ တစ်ယောက်က သင်္ဘောနဲ့ သွားတယ်၊ တစ်ယောက်ကတော့ ရထားနဲ့ သွားတယ်။ အဲလို ပုံစံပဲ။ တိုင်းရင်းသားတွေအားလုံးကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ တန်းတူညီတူပြီးတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မဲ့ ပြည်ထောင်စုမျိုး ရချင်တာပါ။ အဲဒါပါပဲ။ သိပ်ပြီးတော့လည်း ထွေထွေထူးထူးတော့ တောင်းဆိုကြမှာ မဟုတ်ပါဘူး။

မေး     ။         ။         အန်ကယ် ဦးခွန်ထွန်းဦးဆိုတာ ရှမ်းတိုင်းတိုင်းရင်းသားတွေရဲ့ ခေါင်းဆောင် တစ်ယောက်လည်းဖြစ်တယ်။ တခြား တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နားလည်မှုလည်းရှိတော့ အစိုးရရဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ချက်တွေကို ကြားဝင်ဆောင်ရွက်ပေးဖို့ရော ရှိပါသလား။
 ဖြေ      ။         ။         မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော်အစိုးရ၊ ဒီအစိုးရကလဲ ၆၂ ခုနှစ်တုန်းကရင်း ရှမ်းတွေ ခွဲထွက်တယ်ဆိုပြီးတော့ ဖမ်းတာပဲ။ နောက်ပြီးတော့ အခု ၂၀၀၅ နိုင်ငံတော်အကြံပေးကောင်စီ ဖွဲ့တာတောင်မှ ဗိုလ်ချုပ်ခင်ညွန့်ဖွဲ့လို့ ဖွဲ့တာကို ဖမ်းတယ်။ နိုင်ငံတော်ပုန်ကန်မှုဆိုတာ မရှိဘဲနဲ့ ရှိတယ်ဆိုပြီးတော့ ဖမ်းတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် ရှမ်းတွေက အစိုးရယုံကြည်မှုအနည်းဆုံး တိုင်းရင်းသားတွေဆိုတာ ကျွန်တော်သိတယ်။

မေး     ။         ။         ရှမ်းတွေက အစိုးရယုံကြည်မှု အနည်းဆုံး တိုင်းရင်းသားတွေလို့ အန်ကယ်က ဆိုပေမဲ့ ခု အစိုးရအဖွဲ့ရဲ့ ဒုတိယသမ္မတ တစ်ယောက်ဟာ ရှမ်းတိုင်းရင်းသားဖြစ်နေပါတယ်။ အဲဒါကိုရော အန်ကယ်ဘယ်လို သုံးသပ်မိပါသလဲ။
 ဖြေ      ။         ။         အခြေခံဥပဒေမှာကတည်းက ဒုတိယသမ္မတကို လုပ်ပိုင်ခွင့် သိပ်မပေးထားဘူး။ ကန့်သတ်ချက်တွေရှိတယ်။ ပြောရရင် တိုင်းရင်းသားထဲက ဒုတိယသမ္မတပါလာတယ်ဆိုတာ တိုင်းရင်းသားတွေအတွက် ပေါ်လစီအရပေးတဲ့ သဘောပါပဲ။ လုပ်ပိုင်ခွင့်တော့ မရှိဘူး။ ပေါ်လစီအရ ပေးထားတဲ့ အခါကျတော့ သူလည်း ပေးထားတဲ့ မူဘောင်အတွင်းပဲ သူအလုပ်လုပ်လို့ရမယ်။ တိုင်းရင်းသားတွေအတွက်က အရေးတစ်ခု ဖြစ်လာပြီကိုး၊ တိုင်းရင်းသားတွေကလဲ ၀ိုင်းတောင်းတဲ့အတွက် ရတဲ့သဘောမျိုး ကျွန်တော်မြင်တယ်။ သူ့ကိစ္စကတော့ ပေါ်လစီအရဆိုတော့ ကျွန်တော် ဝေဖန်ဖို့ ခက်မယ်။

မေး     ။         ။         အခု လက်ရှိ အစိုးရ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေဟာ အစိုးရသက်တမ်း ၁ နှစ်မပြည့်ခင်မှာကိုပဲ ထင်သာ မြင်သာတဲ့ အခြေအနေတခုကို တွေ့နေရပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုရော အန်ကယ်ဘယ်လိုမြင်ပါသလဲ။
ဖြေ      ။         ။         ဒါကတော့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေလို့ထင်ပါတယ်။ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း ပြီးတော့ ပြည်ထောင်စုကြီးအတွက် ကောင်းကျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။
 မေး     ။         ။         ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှမ်းလူထုကို The Messenger ဂျာနယ်ကနေ တဆင့် ပြောချင်တဲ့ စကားများရှိရင်..
ဖြေ      ။         ။         ရှမ်းတိုင်းရင်းသားတွေ အားလုံးကတော့ စုပေါင်းပြီး နေရတော့မဲ့အချိန်ရောက်နေပြီး။ အစိုးရကလည်း ခုနက ပြောသလို အနာသိဆေးရှိုဖြစ်နေပြီ။ သူဘယ်အချိန် စိတ်ပါလက်ပါ လုပ်လာမလဲဆိုတာကိုပဲ စောင့်ဆိုင်းရမှာပဲလေ။ ညီညွတ်ဖို့ ၀ိုင်းဝန်းဖို့ ရှမ်းတိုင်းရင်းသားတွေကို ပြောချင်တာပါ။ ဒါပါပဲ။

“လုလင်ငယ်သွေး အားမာန်မွေးကြစေ”

by Soe Min on Friday, 3 February 2012 at 10:32
          အလုပ်သမားဆေးရုံမှာ ပထမလက်ထောက်ဆရာဝန်လုပ်တုန်းက ခွဲစိတ်ခန်းက စစ္စတာကြီးနဲ့ ဆရာမတွေက ဖိတ်လို့ ဧမာနွေလဘုရားကျောင်းက နှစ်သစ်ကူးဆုတောင်းပွဲတွေမှာ တရားလိုက်နာဖူးပါတယ်။ သူတို့တွေလည်း ဘုန်းကြီးကျောင်းမှာ ကုသိုလ်ဖြစ်ဆေးသွားကုတဲ့အခါ လုပ်အားလိုက်ပေးရင်း ဘုန်းကြီးတရားနာကြတာပဲ။ ဘယ်ဘာသာတရားပဲ ဖြစ်ဖြစ် လူတွေကို လိမ္မာအောင် ဆုံးမတာချည့်ပဲ မဟုတ်လား။ အဲဒီတုန်းက သဘောကျတဲ့ တရားစာကလေး တစ်ပုဒ်ရှိတယ်။ “အကြင်သူသည် မိမိ စိုက်ပျိုးထားသော သီးနှံတို့ကိုသာလျှင် ရိတ်သိမ်းရရှိလတ္တံ့” တဲ့။ အဘိဏှသုတ်ထဲက “ကလျာဏံဝါ ကောင်းသည်လည်းဖြစ်သော၊ ပါပကံဝါ မကောင်းသည်လည်းဖြစ်သော၊ ယံကမ္မံ အကြင်ကံကို ကရိဿာမိ ပြုငြားအံ့။ တဿကမ္မဿ ထိုကောင်းမှု မကောင်းမှုကံ၏ ဒါယာဒေါ ကောင်းမွေဆိုးမွေခံသည် ဘ၀ိဿတိ ဖြစ်ရချေ၏” ဆိုတာလေးနဲ့ တစ်ထပ်တည်းပဲ မဟုတ်လား။ အရပ်သုံးစကားနဲ့ ပြောတော့လည်း “ဘူးပင်စိုက်ရင် ဘူးသီးစားရလိမ့်မယ်။ ငှက်ပျောပင်စိုက်ရင် ငှက်ပျောသီးစားရလိမ့်မယ်” ဆိုတာ မှန်နေတာပဲ။ ဘာမဆို ကပ်သီးကပ်ဖဲ့တွေးမိတဲ့ကိုယ်က “တချို့လူတွေကျတော့ သူများစိုက်ပျိုးထားတဲ့ သီးနှံတွေအပေါ် အညွန့်ခူးစားနိုင်တာ ဘယ်လိုသဘောရှိလို့ပါလိမ့်” လို့ တွေးတဲ့အခါလည်း တွေးရဲ့။ အခုတခါမှာတော့ စိုက်တုန်းကစိုက်၊ ပုံးပေါလအော ထင်တိုင်းကျဲထားတဲ့ ပျိုးပင်ကလေးတွေကို လိုချင်သလောက်ကလေး လက်သပ်ချိုးယူပြီး ကျန်တာတွေ ပေလာယျကံ ပစ်ထားတဲ့အခါ ပျိုးခင်းကလေးရဲ့ ငိုသံကို ကြားလာရပြန်ပါပြီ။ သူတို့ခမျာ သည်လို ပျိုးပင်ပေါက်ကလေးဘ၀ရောက်ဖို့ လေးငါးခြောက်နှစ် အချိန်ယူခဲ့ရတာမဟုတ်လား။ အလေ့ကျပေါက်တဲ့ ခွေးသေးပန်းပင်မျိုး မဟုတ်တော့ နောက်ကွယ်ကနေ ပြုစုပျိုးထောင်ပေးလိုက်ရတဲ့ မိဘများဘက်ကလည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာကမှ တခြားဟာ ပြောင်းစိုက်လို့ ရချင်ရလိမ့်ဦးမယ်။ ခုတော့ တောင်းဆိုးပလုံးဆိုးလည်းမဟုတ်။ “ဝေ့လည်ကြောင်ပတ်နဲ့ ဘာတွေပြောချင်လို့ စကားဦးသန်းနေတယ် မသိပါဘူး။ ကြက်ဆူပင်အကြောင်းလား” လို့ တွေးကုန်ကြပြီ။ ဟုတ်ပါရဲ့ ကြက်ဆူပင်တော့ ကြက်ဆူပင်၊ လူသားကြက်ဆူပင်လို့သာ ပြောလိုက်ချင်တော့တယ်။ ဟုတ်ကဲ့။ ဆရာဝန်ကလေးတွေ အကြောင်း ပြောမှာပါ။
          ဟိုးရှေးရှေးတုန်းက ဆရာဝန်လေးတွေ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့အကြောင်းကတော့ နိုင်ငံတော်အတွက် လိုအပ်ချက်အရ အလုပ်ဝင်တာနဲ့ သူများတွေလို စာရေးစာချီကနေ စ စရာမလိုပဲ ပြန်တမ်းဝင်အရာရှိ တန်းဖြစ်တာကိုး။ ကျွန်တော်တို့ ခပ်ငယ်ငယ်အရွယ်လောက်မှာတော့ ဆရာဝန်တွေလည်း ပီအက်စ်စီလို့ ခေါ်တဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးစာမေးပွဲတွေ ဖြေပြီးမှ အလုပ်ရကြရှာသဗျ။ အဲဒီတုန်းက သူတို့ခမျာလည်း ကျူရှင်တွေ ဘာတွေ ပြေးတက်၊ အရံပါတီဝင်တို့၊ တင်းပြည့်ပါတီဝင်တို့ ဖြစ်အောင် သဘောတရားရေးရာ ရက်တိုဆွေးနွေးပွဲတွေမှာ ၀င်အိပ်ငိုက်၊ ငှက်ကဌကြီးတွေဆီ သွားဖြဲလေးနဲ့ ထောက်ခံစာတောင်းနဲ့ ဒုက္ခရောက်ရှာတယ်။ ဆေးကျောင်းတက်ကတည်းက လေဘာကဒ်ဆိုတာ လျှောက်ထားပြီး သက်တမ်းရင့်အောင် မွေးထားရသတဲ့။ ရန်ကုန်မှာ ဂျီပီ အရမ်းကောင်းတဲ့ မမကြီးတစ်ယောက်ဆို အလုပ်ဝင်ချင်လွန်းလို့ စာမေးပွဲဝင်ဝင်ဖြေတာ လေးငါးခြောက်ခါမကဆိုပဲ။ နှုတ်ခမ်းနီဆိုးပြီး လက်သည်းအရှည်ထားတာ ရမယ်ရှာလို့ ရန်ဖြစ်ငိုယိုပြီး နောက်သွားမဖြေတော့တာလို့ ပြောပြဖူးသဗျ။ ဟုတ်ပါရဲ့။ သူကလည်း စိုးမြတ်သူဇာ နော်ရင်မွှေးရိုက်တုန်းကလို ကြောင်လက်သည်းဝှက်သိုင်းမှ ကျင့်မထားတာ။
          ကိုယ်တွေ ကျောင်းပြီးတဲ့အချိန်မှာတော့ ၀န်ထမ်းဘ၀ဆိုတာ ဇောက်ထိုးဆင်းနေတဲ့အချိန် မှတ်တယ်ဗျာ။ လစာက ခြောက်ပြား၊ လူတကာက ဟောက်စား၊ ဟိတ်ဟန်လည်း မလောက်လားဘူးဆိုပြီး ဆပ်ပြာနဲ့တွဲပေးပေး ဖယောင်းတိုင်နဲ့တွဲပေးပေး ယူမယ့်သူမရှိတော့တဲ့ဘ၀။ ဒါနဲ့ပဲ ဆေးကျောင်းပြီးတာနဲ့ အလုပ်မ၀င်မနေရဆို ဥပဒေလား၊ အမိန့်လား၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်လား မသိပါဘူး။ ငြင်းလို့မရဘူး ဆိုတာပဲသိတယ်။ အဲဒါကြီး ပေါ်လာရော။ ပထမဦးဆုံး ကိုယ့်တို့အတန်းက အလုပ်စာမေးပွဲဝင်ဖြေတဲ့သူ စုစုပေါင်းမှ ၆၃ ယောက်ပဲ ရှိခဲ့တာ။ ထုံးစံမို့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးက ရေးဖြေ နှုတ်ဖြေ ဆေးစစ်တွေ အကုန်လုပ်ခဲ့ရပါတယ်။ ပျော်စရာကြီးလို့ ထင်တာပါပဲ။ “သင့်ဘ၀မှာ အကြောက်ဆုံးဖြစ်ရပ်တစ်ခုကို ပြောပြပါ”  လို့ မေးတော့ စိတ်ထဲရှိတဲ့အတိုင်း “လူပျိုကြီးဖြစ်မှာ အကြောက်ဆုံးပဲ” လို့ဖြေခဲ့တယ်။ လူတွေ့မှာ ကျတော့ “ဥစ္စာသယန မဟာသယနာ ဆိုတာဘာလဲ” တဲ့။ ကိုရင်ဝတ်တုန်းက ဆယ်ပါးသီလနဲ့မှားပြီး “ရွှေမ၀တ်ရဘူးလို့ ပြောတာထင်တယ်” ဆိုတော့ ရယ်လိုက်ကြတာ။ သူတော်ကောင်းဥစ္စာ ခုနစ်ဖြာမေးတာကတော့ အလှူခံနိဗ္ဗာန်ဆော်ကြီးများကျေးဇူးနဲ့ ဖြေနိုင်ခဲ့တယ်။ “မင်းအကြိုက်ဆုံးနှစ်ခုပြောစမ်း” ဆိုတော့ “ဟိရိ နဲ့ သြတ္တပ္ပ” လို့ ပြောပြီး အောင်သွားတယ်။ ဆိုက်ကိုတက်စ်လို့ ခေါ်တဲ့ စိတ်ကျန်းမာရေးမေးခွန်းတွေ ဖြေရတာလည်း အလွန်ပျော်စရာကောင်းပါတယ်။ သွက်သွက်လည်နေတဲ့သူတွေကလည်း အောင်ချင်အောင်မှာပဲ။ သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြေတာကိုး။ စိတ်ကုဆရာဝန်ကြီးတွေ ကိုယ်တိုင်ဝင်ဖြေရင်တောင် အခါခပ်သိမ်း အောင်ချင်မှအောင်တာ။ သူလည်း သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြေတာပဲလေ။ ဆေးကျောင်းမှာ ခါတိုင်းဖြေနေကျ မေးခွန်းတွေလို အောင်မှတ်ရဖို့၊ အမှတ်များတဲ့သူကို ခန့်ဖို့ဆိုတဲ့ အမှတ်ပေးစံနစ်နဲ့ သွားတာမဟုတ်ပဲ လူရည်လူသွေးကို အကဲဖြတ်ဖို့ စိန်ကဲကျောက်ကဲမေးခွန်းတွေ ဖြစ်တဲ့အတွက် အဖြေမှန်တာ မမှန်တာ၊ အဓိကမကျပါဘူး။ ဘယ်လိုအနေအထားနဲ့ဖြေသွားသလဲ။ မသိတဲ့ မဖြေနိုင်တဲ့ အခက်အခဲကို သူဘယ်လို ကျော်လွှားသလဲ သိချင်တာပါ။ အမူအကျင့် စိတ်နေစိတ်ထားတွေကို အကဲခတ်နေတာဖြစ်လို့ “ကျုပ်လုပ်ရမယ့် ဆရာဝန်အလုပ်နဲ့ ခင်ဗျားတို့ မေးတာတွေနဲ့ ဘာဆိုင်သလဲ ပြော” လို့ ရန်တွေ့ပြီးပြန်လာရင်တော့ ဆယ်တန်းစာမေးပွဲမှာ ပြီးအောင်မဖြေပဲ ခြစ်ချလာသူတွေနဲ့ အတူတူပါပဲ။
          ဒီစာမေးပွဲတွေမှာရော၊ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ၊ နိုင်ငံခြားသွားဖို့စာမေးပွဲ စတဲ့ ၀န်ထမ်းလောကရဲ့ ခပ်သိမ်းသော စာမေးပွဲတွေမှာ မသိမဖြစ် ကျက်မှတ်ထားရတာတွေကတော့ တို့တာဝန်အရေးကြီးသုံးပါးတို့၊ စီးပွားရေးဦးတည်ချက်တို့၊ ဘာတို့ညာတို့ပေါ့။ နိုင်ငံတော်အကြီးအကဲတွေ သတင်းထဲမှာ မလာခင်တောင် အဲဒါကြီးတွေ အရင်ရွတ်ဆို စာတမ်းထိုးပြပြီးမှ သတင်းခေါင်းစဉ်တပ်ကြတာဆိုတော့ ကိုယ်က နိုင်ငံ့ဝန်ထမ်းမှလုပ်မယ်ကြံရင် အဲဒီနိုင်ငံတော် ကမ္မ၀ါတွေလည်း အခါအားလျော်စွာ နှုတ်ငုံဆောင်ရလိမ့်မဗျား။ တစ်ပွဲပြီးတစ်ခါမေ့ပစ်လိုက် လွယ်လွယ်လေး။ အဲဒါတွေက သူတို့ မသိလို့မေးတာလည်း မဟုတ်ဘူး။ သိလျက်နဲ့ မေးတာလည်း မဟုတ်ဘူး။ လိုအပ်လို့ မေးနေတာ။ နိုင်ငံဝန်ထမ်းဆိုတာ ကိုယ်စိတ်ထဲပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နိုင်ငံတော်ကချမှတ်ထားတဲ့ ပေါ်လစီ မူဝါဒများကိုတော့ အလေးအနက်ထား လိုက်နာကျင့်သုံးကြရမှာကိုး။ “လမ်းစဉ်ပါတီ တို့ပါတီ” ဆိုတုန်းကလည်း ကိုယ်တွေပဲ။ “ပြည်သူ့သဘောထား” ဆိုနေကြတာလည်း ကိုယ်တွေပဲ။ ပြောင်းချင်တဲ့အစိုးရပြောင်း ၀န်ထမ်းကတော့ တက်လာတဲ့အစိုးရကို ဦးလည်မသုန် သစ္စာခံကြရတာလေ။ အင်္ဂလိပ်နဲ့အတူ လိုက်စစ်ပြေးရမှာ မဟုတ်သလို ဂျပန်တွေနဲ့လည်း အတူဆုတ်ခွာကြရမှာ မဟုတ်ဘူး။ ကိုယ့်လမ်းစဉ် ကိုယ့်ဝါဒထူထောင်ချင်ရင် အရင်ဆုံး ၀န်ထမ်းဘ၀ကို စွန့်ကြရတာချည့်ပဲ။ ၀န်ထမ်းဘ၀မှာတော့ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ၊ “ဤကိုကျွဲဟုဖတ်စေ” ဆိုလည်း ဖတ်ရတယ်။ ဒီသဘောတရားကိုမှ နားမလည်ရင် ဘယ်လိုဆက်အလုပ်လုပ်ကြမတုန်း။ အင်တာဗျူးမှာ ဒါတွေ မေးတယ်ဆိုတာ အကင်းပဲ ရှိသေးတယ်လို့ မှတ်ပါမောင်။
          ဟိုလူ့ကျတော့ခေါ်တယ်။ ဒီလူ့ကျတော့ မခေါ်ဘူး။ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတာကလည်း ၀န်ထမ်းဘ၀ကို ဆက်လျှောက်မယ်ကြံရင် အဲဒီအရေမထူပဲနဲ့ မဖြစ်နိုင်တာမို့ အဓိကလိုအပ်သော အရည်အချင်းထဲမှာ ပါပါတယ်။ ဒါကတော့ အခေါ်ခံရတဲ့ သူတွေဘက်ကမဟုတ်ပဲ အပယ်ခံဘ၀မှာ ကျန်ရစ်သူတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ သူများတွေပါပါသွားတိုင်း စိတ်ဓါတ်တွေကျကျပြီး ခံစားနေရရင် အလုပ်ထဲမနေတာက အကုသိုလ်ကင်းတာပေါ့ကွယ်။ လူတိုင်းလူတိုင်း သူ့ကုသိုလ်နဲ့သူလို့သာ သဘောထားစမ်းပါ။ နားဋောင်းရောင်နဲ့ ပါးပြောင်တယ်ဆိုတာ နားဋောင်းပျောက်တော့ ခွက်ပျောက်တာ ဓမ္မတာပဲ။ ညီမလေးရဲ့၊ သမီးလေးရဲ့၊ ပူတူတူးလေးရဲ့နဲ့ ဌာနအကြီးအကဲကြီးတွေကိုယ်တိုင်က ဖူးဖူးမှုတ်ရုံမကဘူး။ နဖူးမြေခ အရေးပေးထားရင်းကနေ သူ့အိမ်က ဘဘကြီး အောင်ဖေသွားတာနဲ့ နောက်တနေ့ ထွက်စာတင်ပါလို့ ခပ်တင်းတင်းအဆိုခံရတာ မဆန်းသော ဖြစ်ရိုးဖြစ်စဉ်တွေပါ။ အားမကျချင်စမ်းပါနဲ့လေ။ သူလည်း သူ့ကံနဲ့သူရှိသလို ကိုယ့်မှာလည်း ကိုယ့်ကံနဲ့ကိုယ် ရှိတတ်ပါတယ်။ ဘာအသိုင်းအ၀ိုင်း ကျောထောက်နောက်ခံမှ မရှိလို့ ၀န်ထမ်းဘ၀နဲ့ မကြီးပွားနိုင်ဘူးလို့ ပြောလို့မရပါဘူး။ မဂဒူး ရှင်ဘုရင်ဖြစ်တာ ဆင်ချေးကျုံးဘ၀က စတာပါ။ စာတိုက်စာရေးကလေးဘ၀ကနေ ဘယ်အထိဖြစ်လာနိုင်သလဲ ဆိုတာရော ကြားဖူးရဲ့လား။ အရေးကြီးတာက ဘယ်ချိန်အထိ ရပ်တည်ရှင်သန် ကျန်ရစ်နိုင်သလဲ ဆိုတဲ့အပေါ်တည်တာပေါ့။ အတက်မှ အရေးကြီးတာမဟုတ်ဘူး။ သူဆင်းသွားပြီးနောက် ဘယ်လိုနံမည်ဂုဏ်သတင်း ကျန်ခဲ့သလဲ ဆိုတာကတော့ ပို အရေးကြီးတာပေါ့။
          စကတည်းက ယဉ်သကို ဆိုသလို ၀န်ထမ်းဘ၀ အစခြေလှမ်းမှာ အရူးကွက်မနင်းမိအောင်လို့ ကလေးစိတ်ကလေးတွေ၊ ဆတ်ဆတ်ထိမခံတဲ့သဘောထားကလေးတွေကို အရင် ခ၀ါချပေးတဲ့အနေနဲ့ လေ့ကျင့်ပေးတဲ့ ဆရာကြီးတွေရဲ့ စေတနာကို ကလေးတို့အနေနဲ့ နားမလည်မှာစိုးလို့ ကြားက၀င်ပြိး ရှင်းပြပေးတာနော်။ အဲဒီနောက် ဆက်လျှောက်ရမှာက ကိုယ့်မှာပါလာတဲ့ ၀ဋ်ကြွေး မကုန်မချင်း ခန္တီစကနေ ခန္တီဆုံးထိ တွေ့ရကြုံရဦးမှာတွေ ရှိပါသေးတယ်။ အကောင်းချည့်ပဲလည်း မရှိဘူး။ အဆိုးချည့်ပဲလည်း မရှိဘူး။ ကောင်းနေတဲ့အချိန်မှာ သတိမလွတ်စေနဲ့။ သူများကို ဒုက္ခမရောက်စေနဲ့၊ အတုန့်အလှည့်ဆိုတာတွေ ရှိသလေ။ ဆိုးနေတဲ့အချိန်ကျတော့လည်း ဘယ်လိုကြိုးစားပြီး ဖြတ်သန်းမလဲ စဉ်းစား၊ အချိန်တန်တော့ သူလည်း ထာဝရ မဟုတ်ဘူး။ ပြီးသွားမှာပဲ။ သူများက ကိုယ့်ကိုပြုပြင်တဲ့ သင်္ခါရသဘောကနေ တနေ့ကျတော့ ကိုယ်က သူများကို ပြုပြင်ရတဲ့ သင်္ခါရသဘောကို ရောက်လာဦးမှာ။ ဒီအခါကျတော့ ကိုယ်ခံစားခဲ့ရတာကလေးတွေကို သတိတရနဲ့ သူတို့ ငါ့လို မခံစားရအောင်ဆိုတဲ့ စေတနာထားရင်တော့ ကောင်းတာပေါ့။ ငါ့လက်ထဲတုတ်ရောက်ပြီ ရိုက်လိုက်မဟဲ့ ဆိုရင်တော့ သံသရာလည်လို့ ဆုံးတော့မှာ မဟုတ်ဘူး။
          နောက်ထပ်အရေးကြီးတာတစ်ခုကတော့ အတုခိုးမမှားဖို့ပါပဲ။ အတူတူ အလုပ်ဝင်တဲ့ သူငယ်ချင်းတစ်ယောက်က အလုပ်ထွက်ခါနီးမှာ ပြောသွားတဲ့ စကားတစ်ခွန်း မှတ်သားထားမိတယ်။ “The only way to live with villains is being one of them.” တဲ့။ လူမိုက်တွေနဲ့ အတူတူနေချင် သူတို့နဲ့ ပြိုင်မိုက်နိုင်မှ ရမယ် လို့ ဆိုချင်တာပေါ့နော်။ ဟုတ်သင့်သလောက်တော့ ဟုတ်သားပေါ့။ အဖြူထည်ဆိုတာ အညစ်တွေနဲ့ရောရင် ဘယ် မစွန်းပဲ နေမလဲ။ အလုပ်ထဲမှာ နေတယ်ဆိုတာ ညစ်ထေးစွန်းထင်းမှုတွေနဲ့ လွှဲရှောင်လို့ ရနိုင်စရာအကြောင်းမရှိပါဘူး။ ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ်ဖို့ဆိုတာကတော့ ကိုယ့်ဘက်မှာ ခိုင်မာပြတ်သားတဲ့ မူတစ်ခုရှိထားသင့်ပါတယ်။ အမှားတွေကြားထဲမှာ ကိုယ်ပါရောမှားလိုက်ရုံနဲ့ ထူးမသွားသော်ငြား ကိုယ်ကမှန်နေရင် လိုက်လျောညီထွေ မဖြစ်တော့ပဲ ချွန်ထွက်နေသပေါ့။ “Odd ones out” လို့ခေါ်တဲ့ ဗြောင်တောင်တောင် ဗေဗေးဂျိ ဥပဒေသအရ ဒီအချွန်ကြီးနဲ့တော့ ဟိုလူ့ထိုးမိ သည်လူ့ထိုးမိတွေ ဖြစ်မှာစိုးရတာမို့ ကိုယ့်ဘာသာ ကြောင်လက်သည်းဝှက်ကျင့်တတ်ဖို့ လိုပြန်ရော။ ပိုအရေးကြီးတာက သူများတွေနဲ့ရောပြီး အမှားကို အမှန်ထင်သွားမိရင် စောစောကပြောတဲ့ one of them ဘ၀ ရောက်သွားပြန်တယ်။ အဆုံးသတ်တစ်နေ့ကျရင် ငါလည်း သူတို့နဲ့ ဘာထူးလို့တုန်းဆိုပြီး မထွေးနိုင်မအံနိုင် ဖြစ်ကြရပါတယ်။ ဒီကနေ့တွေ့ကြုံနေကြရတဲ့ ပြဿနာအားလုံးဟာ အဲဒီအဆိုးသံသရာတွေကနေ ဆက်ကာဆက်ကာ ဖြစ်လာတာချည့်ပါပဲ။ အရိုးရင့်လို့ တစ်နွယ်ငင်တစ်စင်ပါမယ့်ခြုံတွေကို ရှင်းဖို့မဖြစ်နိုင်တာနဲ့ နောက်တက်မယ့်အညွန့်တလူလူတွေကို ဒါကြီးတွေက အမှားကြီးတွေပါလို့ မြင်သာအောင် ဥပမာပြထားရတာပ။
          အလုပ်ထဲကလူတွေကို ပြောလိုက်သမှ ရစရာကို မရှိဘူး။ အလုပ်ဝင်ရမှာတောင် ကြောက်လာပြီလို့လည်း မထင်ပါနဲ့။ အားလုံးဟာ လူသားစစ်စစ်ကြီးတွေဖြစ်တဲ့အတွက် အကောင်းချည့်ပဲ မရှိသော်ငြား အဆိုးချည့်ပဲလည်း မရှိပါဘူး။ အထာသိသွားရင် ဘယ်သူနဲ့မဆို လုပ်ကိုင်ပေါင်းသင်းလို့ အဆင်ပြေပါလိမ့်မယ်။ အစိုးရအလုပ် မလုပ်လို့ အပြင်အလုပ်လုပ်ရင်လည်း ဒီသဘောအတိုင်းပဲ ကြုံကြရဦးမှာ မဟုတ်လား။ မှုန်ရွှေရည်ဇာတ်ကားထဲမှာ ခင်သန်းနုကို မဲ့ကာရွဲ့ကာ အတင်းတုပ်တဲ့ မင်းသမီးကလေးတွေက သားလေးမွေးပြီလည်းဆိုရော ၀မ်းသာအယ်လဲ ရန်ဖြစ်ထားတာတွေ မေ့သွားတာ ကြည့်ဖူးပါလိမ့်မယ်။ လူ့စိတ်လူ့သဘောဆိုတာက အပြင်မှာလည်း သည်အတိုင်းပဲဗျ။ နေ့စဉ်မြင်တွေ့ ဆက်ဆံလုပ်ကိုင်နေကြရတာမို့ မိသားစုလို သံယောဇဉ်ဖြစ်သွားတတ်သေးတာ။ တခါပြောခဲ့ဖူးသလို သူသူကိုယ်ကိုယ် ကိုယ့်အထုပ်ကိုယ် ထမ်းကြရတာဆိုတော့ အစုတ်တွေကောက်လာခဲ့သူမှာ အစုတ်ထုပ်အဖတ်တင်မှာဖြစ်ပြီး ရွှေတွေကောက်လာခဲ့တဲ့သူမှာ ရွှေထုပ်အဖတ်တင်မှာ သေချာသပေါ့။ ဒါကြောင့်မို့ တချို့ကလည်း ရွှေမှရွှေ စုနေတာနေမယ်။

No comments:

Post a Comment