တရားသဖြင့် နိုင်တာကိုပဲ ကျနော်တို့ ဂုဏ်ယူချင်ပါတယ်
ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သိန်းလင်းနှင့် ဆက်သွယ် မေးမြန်းထားပါတယ်။
ရန်ကုန်တိုင်း အတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့က ၁ ပတ် ၁၀ ရက်လောက်ပဲ လိုတော့တဲ့ အချိန်မှာ အန်ကယ်တို့ ဝင်ပြိုင်တဲ့ ၆ နေရာ စလုံးပေါ့။ ပြည်ခိုင်ဖြိုးပါတီက ဒီ ရွေးကောက်ပွဲ စည်းရုံးရေးတွေ ဘယ်လို
ဆောင်ရွက်တယ် ဆိုတာလေး အရင်ဆုံး သိပါရစေ။
“ကျနော်တို့ ၂၀၁၀ တုန်းကလည်း ပြိုင်ခဲ့တာပါပဲလေ။ ပြိုင်ခဲ့တော့ အဓိက လက်ကိုင် ထားတာ ကတော့ တရားမျှတပြီးတော့မှ သန့်သန့်ရှင်းရှင်း ဖြစ်ဖို့ အရေးကြီးတယ်။ နောက်တခုက ကိုယ် မဲဆွယ်တဲ့ ကိစ္စတွေကလည်း သူများကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ တတ်နိုင်သမျှ သူများကို အနှောင့်အယှက် မဖြစ်တဲ့နည်းနဲ့ မဲဆွယ်တယ်။ အိမ်တိုင်ရာရောက်သွားတဲ့ လှုပ်ရှားမှုတွေ ပေါ့။ လိုက်ပြီးတော့မှ သတင်းပေးတဲ့ စနစ်တွေပါ။ သတင်းပေးတယ် ဆိုတာကတော့ ကိုယ့် ကိုယ်စားလှယ်ရဲ့ လက်ကမ်း စာစောင်တွေ ဝေတဲ့ စနစ်တွေကို ကျနော်တို့က ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိက လက်ကိုင်ထား တာ ကတော့ တရားမျှတမှု ဖြစ်ဖို့ အဓိကထားတယ်။”
တခြား ပါတီအများစုကတော့ အများအားဖြင့် အန်အယ်လ်ဒီ ပါတီပေါ့။ သူတို့ပါတီက စည်းရုံးရေး ဆင်းတဲ့အခါမှာ သူတို့ အများကြီးတွေ့လို့ ပြောတာတွေ ရှိပါတယ်။ မဲစာရင်းကွာတဲ့ ကိစ္စတွေ။ အန်ကယ်တို့ပါတီ အနေနဲ့ရော အဲဒီကိစ္စတွေမှာ တွေ့ရှိချက်တွေကို တင်ပြထားခြင်း ရှိ၊ မရှိပေါ့။ ဒါကို ကျွန်တော်တို့ သိချင်ပါတယ်။ “ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၀ အတွေ့အကြုံတုန်းက မဲပေးခွင့် ရှိရဲ့သားနဲ့ မပေးလိုက်ရတဲ့သူတွေ တွေ့ရပါတယ်။ ဒီ တပွဲမှာလည်း အဲဒီလို မဖြစ်အောင်တော့ ကျနော်တို့ တတ်နိုင်သမျှ မဲပေးမယ့်လူတွေ၊ ရပ်ကွက်ထဲမှာ ရှိတဲ့လူတွေ မဲစာရင်းထဲမှာပါ၊ မပါ လိုက်လံ စိစစ်ပြီးတော့မှ၊ မပါသေးတဲ့လူတွေ ရှိရင်လည်း ကော်မရှင်ကို တင်ပြပါတယ်။ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်မျဉ်းစည်းကမ်းနဲ့ ကိုက်ညီလို့ရှိရင် သူတို့ လက်ခံပါတယ်။ အဲဒါလေးတွေကို ၂၀၁၀ တုန်းကလည်း ကျနော်တို့ လုပ်ပါတယ်။ ၂၀၁၂ မှာလည်း မဲပေးခွင့် ရှိတဲ့လူတွေ အာလုံး မဲပေးခွင့်ရအောင်လို့ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်တဲ့ သဘောမျိုးနဲ့ ဆောင်ရွက်ပါတယ်။”
တခြား ဒီမိုကရေစီပါတီတွေကို မေးကြည့်တော့ အခုဆိုရင် ဥပမာ- မင်္ဂလာတောင်ညွန့်မှာ ဆိုလို့ရှိရင် တော်တော်ကြီး မြိုင်မြိုင်ဆိုင်ဆိုင်။ ပါတီတွေက မဲဆွယ်စည်းရုံးနေတာ တွေ့ရတယ်လို့ သိရပါတယ်။ မဲဆွယ် စည်းရုံးတဲ့ အခါမှာလည်း ၂၀၁၀ တုန်းကလို မဟုတ်ဘဲနဲ့ တပါတီနဲ့ တပါတီ ပြောဆိုနှုတ်ဆက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ အိုးစည်ဗုံမောင်းတွေတီး၊ ကားတွေနဲ့ လှည့်ပြီးတော့ မဲဆွယ်စည်းရုံးတယ်လို့ ကြားရပါတယ်။ အန်ကယ်တို့ရော မဲဆွယ်စည်းရုံးတဲ့ အနေအထားမှာ ရန်ကုန်တိုင်းမှာ ဘယ်လိုမျိုးတွေများ ကြုံတွေ့ရပါသလဲ။ “ကျနော်တို့ လည်း သူတို့တွေလိုပေါ့။ ၂၀၁၀ တုန်းကလည်း ဒီလိုပဲ ကားတွေနဲ့ ကိုယ်စားလှယ်ရဲ့ ဗွီနိုင်းကို ကပ်ပြီးတော့မှ ရပ်ကွက်တွေမှာ လိုက်လံ မဲဆွယ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ် ၁၀ တန်းစာမေးပွဲ ဖြေနေတဲ့ ကာလမှာတော့ ကျနော်တို့ အဲဒါတွေ ခဏရပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၀ တန်းစာမေးပွဲ ဖြေနေတဲ့ ကလေးတွေ အနှောင့်အယှက်ဖြစ်မှာ စိုးလို့၊ ၁၀ တန်းစာမေးပွဲက မနေ့က တချို့တော့ ပြီးပြီ။ ဒါပေမယ့် သေချာတော့ မပြီးသေးဘူး။ တချို့ ဘာသာရပ်တွေ ကျန်သေးတယ်။ ဒီအပတ်ကုန်မှပဲ ကျနော်တို့က သူများတွေလိုပဲ ကားနဲ့ လှည့်၊ လှည့်ပြီးတော့မှ လက်ကမ်းစာစောင်တွေလိုက်ဝေ အဲဒါတွေ လုပ်ပါ့မယ်။
ပြီးတော့ ဒီမှာ ထူးခြားတာက ပြိုင်မှာက ၆ မြို့နယ်ထဲဆိုတော့ ကျန်တဲ့ မပြိုင်တဲ့ မြို့နယ်တွေက ပြိုင်မယ့် ၆ မြို့နယ်ကို ဝိုင်းကူပြီးတော့ လုပ်တာပေါ့။ အားဖြည့်ပြီးတော့ လုပ်တာတော့ ရှိတာပေါ့။”
၂၀၁၀ တုန်းက ကြံ့ခိုင်ရေးပါတီအနေနဲ့ ငွေချေးပြီးတော့ မဲဆွယ်တာတို့၊ လမ်းခင်းပြီးတော့ မဲဆွယ်တာတို့ လုပ်ခဲ့တယ်ဆိုတဲ့ ဝေဖန်သံတွေ ကြားရပါတယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာရော အဲဒီလိုပုံစံမျိုးနဲ့ မဲဆွယ်တာမျိုးကိုရော လုပ်ဆောင်မှုတွေ ရှိပါသလား။ “ပြည်ခိုင်ဖြိုး ရဲ့ မူဝါဒမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကြီး ၅ ရပ် ရှိတယ်။ အဲဒါ ၅ ရပ်ကို ကျနော်တို့က ထမ်းဆောင်တာပါ။ အဲဒီ ထမ်းဆောင်တဲ့ နေရာမှာ ကျေးလက်နေ ပြည်သူလူထုတွေ အတွက် လမ်းတွေ ကောင်းရမယ်။ ကျေးလက်ပြည်သူလူထု ရေရရှိရေး ဆောင်ရွက်ပေးရမယ်၊ ကျေးလက် ပြည်သူလူထုရဲ့ ကျောင်းတွေ ကောင်းအောင် လုပ်ပေးရမယ်၊ ကျေးလက်တွေမှာ ဆေးခန်းတွေရှိရင် အဲဒီဆေးခန်းတွေကို ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ရမယ်၊ နောက်တခါ ကျေးလက်ပြည်သူလူထုရဲ့ လူမှု စီပွားရေးဘဝကို ဝိုင်းဝန်းပြီးတော့မှ ပံ့ပိုးရမယ်ဆိုတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကြီး ၅ ရပ်ဟာ ပါတီရဲ့ လက်ကိုင်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ၅ ရပ်ဖြစ်ပါတယ်။
ကျနော်တို့ နိုင်ငံမှာ လိုအပ်နေတာဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းတပါး ဩဇာခံ မဖြစ်ရေး ဒီ ၂ ချက်က။ အခုလည်း လိုအပ်သလို နောင်လည်း လိုအပ်မယ်လို့ ထင်ပါတယ်။ ပါတီရဲ့ မူဝါဒအတိုင်း ဆောင်ရွက်မြဲ ကိစ္စကို ကျနော်တို့ ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။”
ဒီကြား ဖြတ်ရွေးကောက်ပွဲမှာ ထူးခြားတာက အန်အယ်လ်ဒီပါတီ ဝင်ရောက် ယှဉ်ပြိုင်လာပါတယ်။ ပြည်ခိုင်ဖြိုးပါတီလိုပဲ ၄၈ နေရာစလုံး ဝင်ပြိုင်တဲ့ ပါတီပါ။ ကြားဖြတ်မှာ ဆိုရင် အဓိက ပြိုင်ဘက်ပါတီလို့တောင် ပြောလို့ပါတယ်။ အန်အယ်လ်ဒီပါတီ ဝင်လာပြီး သူ့ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်လာတဲ့အတွက် အခု ကြားဖြတ် ရွေးကောက်ပွဲ ပြည်ခိုင်ဖြိုးပါတီနဲ့ အပြိုင် မဲဆွယ်စည်းရုံးရာမှာ ဘယ်လိုမျိုးတွေ ကြုံရဆုံရလဲ။ အန်ကယ်တို့ဘက်လည်း ဘယ်လို ပြင်ဆင်ထားပါသလဲ။ “ကျနော်တို့ ပါတီရဲ့ မူဝါဒကတော့ အမျိုးသားရေးကို စောင့်ရှောက်မယ့်၊ တိုင်းပြည်အပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်မယ့် တရားဝင်ဖွဲ့စည်းတဲ့ ပါတီအားလုံးကိုတော့ ကျနော်တို့က မိတ်ဖက်လို သဘောထားရမယ်လို့ ကျနော်တို့ပါတီရဲ့ မူဝါဒလမ်းစဉ်မှာ သတ်မှတ်ထားပါတယ်။ ကျနော်တို့က အဲဒီမူဝါဒကိုပဲ လက်ကိုင်ထားပြီးတော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”
ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းက အန်ကယ်တို့ ပါတီအနေနဲ့ ၆ နေရာစလုံး နိုင်မယ်လို့ ယုံကြည်ထားပါသလား။ အန်ကယ် ဘယ်လောက်အထိ မျှော်လင့် ထားပါသလဲ။ “လောလောဆယ် တော့ ခန့်မှန်းရ ခက်သေးတယ်။ ကျနော်တို့လည်း အခု တတ်နိုင်သမျှ ကြိုးစားပြီးတော့ ဆောင်ရွက်နေတုန်းပါပဲ။ ရွေးကောက်ပွဲ တခုဆိုတာကတော့ ဘယ်လောက် သေချာတယ်၊ မသေချာဘူး ဆိုတာကတော့ ပွဲပြီးမှပဲ အဖြေသိတဲ့ သဘောပါပဲ။”
ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပြပေးပါ။ “ကျနော်တို့ က ဒီရွေးကောက်ပွဲမှာ တရားသဖြင့် အေးအေးချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ အနိုင်ရအောင်လို့ ဥပဒေဘောင်ထဲကပဲ ကြိုးစားပါမယ်။ ကျနော်တို့ ကြိုးစားသလို တခြားပါတီတွေကိုလည်း အဲဒီလို ဖြစ်စေချင်ပါတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ တန်ဖိုးရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်အောင်လည်း ကျနော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ တရားသဖြင့် နိုင်တာကိုပဲ ပြည်ခိုင်ဖြိုးပါတီက ဂုဏ်ယူမှာ ဖြစ်ပါတယ်။”
ဒီဗွီဘီ
No comments:
Post a Comment