Friday, February 3, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ (၄၊ ၅) ရက်တွင် မန္တလေးသို့သွားရောက်မည့်

ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ (၄၊ ၅) ရက်တွင် မန္တလေးသို့သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီးနောက် မည်သည့်အချိန်တွင် သွားရောက်မည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးကျင်းပကာ ရက်ထပ်မံသတ်မှတ်မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကပြောသည်။


ခရီးစဉ်ရွှေ့ဆိုင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်လူထုသို့ မိန့်ခွန်းပြောကြားရန် ဗထူးအားကစားကွင်း၊ ရတနာပုံဘောလုံးကွင်းနှင့် မန္တလေးတောင်ခြေအားကစားကွင်းတို့ကို တစ်ကွင်းပြီးတစ်ကွင်း ငှားရမ်းခဲ့သော်လည်း အဆင်မပြေသည့်အတွက်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ဗထူးအားကစားကွင်းကို မူလက ငှားရမ်းမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားထားသော်လည်း ခရီးစဉ်ရက်နီးလာသောအခါ ငှားမရတော့သည့်အတွက် ရတနာပုံဘောလုံးကွင်းနှင့် တောင်ခြေအားကစားကွင်းတို့ကို ငှားရမ်းရာတွင်လည်း အဆင်မပြေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်မြို့သို့ သွားရောက်မည့် ခရီးစဉ်မှာ စီစဉ်ထားသည့်အတိုင်း သွားရောက်မည်ဖြစ်ပြီး လူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
 .............................................................................................................................................................................................................................................................
လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။
ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။
ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။
 “အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ” ဟု
စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်းလည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။
”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်” ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်
ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ  တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်
ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။      

.....................................................................................................................................................................................................................................................................

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာ Quintana နှင့် နေပြည်တော်၌ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈မျိုးဆက် ကျောင်းသားများနှင့် ၂၀၀၇ လူငယ်မျိုးဆက် ကျောင်းသားများနှင့်
တွေ့ဆုံစကားပြောရန် စီစဉ်ထားကြောင်း သိရပါသည်
.................................................................................................................................................................................................................................................................
မြန်မာနိုင်ငံ၌ စစ်မှုထမ်းဦးရေ တစ်သန်း မပြည့်သေးသော်လည်း လာမည့် ဘဏ္ဍာရေးနှစ်တွင် စစ်မှု မထမ်းမနေရ ဥပဒေ ပြဌာန်းရန် အစီအစဉ် မရှိကြောင်း ယနေ့ ကျင်းပ ပြုလုပ် နေသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး စတုထ္ထနေ့တွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက လွှတ်တော် ကိုယ်စားလှယ်များသို့ ပြောကြားခဲ့ပါသည်။
..................................................................................................................................................................................................................................................................
ကျင်းပလျက် ရှိသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်သို့ ဝန်ကြီးဌာန ၂၆ ခုမှ အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ရသုံးမှန်းခြေ ငွေစာရင်း ဥပဒေကြမ်းများ တင်သွင်းခဲ့ကြရာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက  ရှင်းလင်း တင်ပြခဲ့သည်

ထို့အပြင် ၎င်းတင်သွင်းခဲ့သော ဥပဒေကြမ်းတွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က မြို့တော်ခန်းမရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော တိုင်းပြည်၏ စစ်အင်အားကို တိုးချဲ့ထူထောင်ရေးနှင့် ပတ်သက်သည့် မိန့်ခွန်းကို ကောက်နုတ် ကိုးကား တင်ပြသွားခဲ့သည်။

No comments:

Post a Comment