Wednesday, March 7, 2012

ကယားပြည်နယ်အဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး 
 မတ်လ (၇) ရက်၊ ၂၀၁၂ (YPI)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့်အစိုးရတို့အကြားပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုကိုမတ်လ (၇)ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။
ရထားဝန်ကြီးဦးအောင်မင်းခေါင်းဆောင်သော အဖွဲ့ဝင်( ၁၁) ဦးပါ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် KNPPမှ အတွင်းရေးမှူး-၁ ခူဦးရယ် ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ ငြိမ်းချမ်းရေးအဖွဲ့တို့သည်လွိုင်ကော်မြို့၌ ပြည်နယ်အဆင့်ဆွေးနွေးပြီးနောက် သဘောတူခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူကေအန်ပီပီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်ဦးဒယ်နီယာက“ကျွန်တော်တို့နဲ့ အပစ်အခတ်ရပ်မယ်ဆိုတဲ့ သဘောတူညီချက်တော့ ရတယ်”ဟုပြောသည်။

လွိုင်ကော်မြို့တွင် ယနေ့ ပြုလုပ်သည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ပဏာမ လက်မှတ်ရေးထိုးပြီးနောက်

နှစ်ဖက် ဆက်ဆံရေးရုံးများထားရှိရန်နှင့် ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးရန်တို့ကိုလည်းသဘောတူ ကြသည်။ပြည်ထောင်စုအဆင့် ဆွေးနွေးမည့်ရက်အတိအကျကိုမူမသတ်မှတ်ရသေးကြောင်းသိရသည်။

ဆွေးနွေးကြရာတွင် KNPPဘက်မှ တောင်းခဲ့သောအချက်(၂၀) လုံးကိုမူအားဖြင့် သဘောတူညီခဲ့ပြီးယင်းမှ အချို့အချက်များကိုပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၌ ပြန်လည်ဆွေးနွေးသွားမည်ဟု အစိုးရအဖွဲ့ကပြောကြားခဲ့ကြောင်း ဦးဒယ်နီယာကဆိုသည်။

ကေအန်ပီပီအတွင်းရေးမှူး(၂)ဖြစ်သူဦးအောင်ဆန်းမြင့်ကလည်း“ကျွန်တော်တို့အနေနဲ့ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုတင်ပြလိုက်ပါတယ်။ အားလုံးကိုဆုံးဖြတ်ချက် တိတိကျကျ သဘောတူညီချက်တွေ မရသေးတဲ့အတွက် တမျိုးတော့ အားမရဘူး။ ဒါပေမယ့် အခြားအဖွဲ့အစည်းတွေမှာ မဖြစ်သေးတဲ့ လေ့လာသူတွေနဲ့ နှစ်ဦးနှစ်ဖက်ဆွေးနွေးရတဲ့အတွက်တော့ အားရပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့်ဒုတိယအကြိမ် တွေ့ဆုံမှုတွင် ကေအန်ပီပီဘက်မှဆွေးနွေးပွဲများပြုလုပ်ရာတွင် ကြားခံအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်ခုခုက လေ့လာခွင့်ကိုတောင်းဆိုထားခဲ့သဖြင့် ယခုဆွေးနွေးပွဲတွင် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ်၊ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန်နှင့် အမေရိကန်သံရုံးကောင်စစ်ဝန်တို့လာရောက်လေ့လာခွင့်ရခဲ့သည်။

အစိုးရနှင့် အပစ်အခတ်ရပ်မည်ဟုသဘောတူညီချက်ရလိုက်သော်လည်းတပ်စခန်းများကိုရက်(၆၀)အတွင်း ပြန်လည်ရုပ်သိမ်းခြင်း၊ဒေသအတွင်းစစ်လေ့ကျင့်ရေးကျောင်းများတည်ဆောက်ခြင်း၊ တပ်ဖွဲ့ တပ်စခန်းများထပ်မံတိုးချဲ့ခြင်းမပြုရန် တို့ကိုမူသဘောတူညီမှုမရသေးကြောင်းဦးဒယ်နီယာကပြောသည်။

“ငြိမ်းချမ်းရေးတကယ်လုပ်မယ်ဆိုရင် အစိုးရတပ်တွေ ရှိနေသေးတော့ တစ်ခါတစ်လေထပ်ဖြစ်နိုင်သေးတယ်။ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင်တပ်တွေ လျော့လေလေ ငြိမ်းချမ်းရေးအတွက် အကျိုးရှိလေလေပေါ့။”ဟုသူကပြောသည်။

KNPP နှင့် အစိုးရတို့သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့တွင် ထိုင်းနိုင်ငံမယ်ဆိုင်မြို့၌တစ်ကြိမ်၊ ၂၀၁၂ ခု ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တစ်ကြိမ် ပဏာမတွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ကေအန်ပီပီနှင့် ယခင်စစ်အစိုးရတို့အကြား ၁၉၉၅ ခုကလည်းအပစ်အခတ်ရပ်စဲခဲ့ပြီးသုံးလအကြာတွင် ပျက်ပြားသွားခဲ့သည်။     ။

No comments:

Post a Comment