ဝါဏိဇ္ဖဆုံးဖြတ်ချက်အား ကိုအလုပ်သမားများ အယူခံဝင်မည်
မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက်အရ ဆိုပါက အလုပ်သမားများ၏ လုပ်ခလစာသည် ယခင်ကထက်ပင် နည်းသွားနိုင်သဖြင့် ယင်းဆုံးဖြတ်ချက်အား အလုပ်သမားများထဲမှ ကျေနပ်မှု မရှိပဲ ရန်ကုန်တိုင်းဒေသကြီး ၀ါဏိဇ္ဖတရားရုံးသို့ အယူခံဝင်မည်ဟု တိုင်ရီဖိနပ်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောသည်။၎င်းက “ အမိန့်စာထုတ် စတုန်းကတော့ ဟုတ်မလိုလို ရှိခဲ့ပေမယ့် တကယ်တမ်း ရှင်းလင်းချက်တောင်းကြည့်လိုက်တော့ အရင်ကထက်တောင် နည်းသွားသေးတယ်။ ဒါကြောင့် တိုင်းဝါဏိဇ္ဖရုံးကို အယူခံတင်သွားမှာပါ” ဟုပြောသည်။ဝါဏိဇ္ဖတရားရုံး၏ လက်ရှိဆုံးဖြတ်ချက်အရ အလုပ်သမားများသည် ယခင်က ရရှိသောရက်မှန်ကြေး၊ အတတ်ပညာကြေး၊ ဆုကြေး၊ တာဝန်ကျေကြေး၊ လုပ်သက်ကြေး စသည်တို့ကိုရရှိတော့မည်မဟုတ်ဘဲ စုစုပေါင်းဝင်ငွေအဖြစ် တစ်လလျှင် ၅၁၀၀၀ ကျပ်ကိုသာရရှိမည်ဖြစ်သည်။
တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများ ဆန္ဒပြနေသည်ကို ယခင်သီတင်းပတ် က ယခုကဲ့သို့ တွေ့မြင်ရသည်။လက်ရှိဆုံးဖြတ်ချက်အားအလုပ်သမားများဘက်မှ သဘောမတူပါက ဖေဖော်ဝါရီလအတွက် လစာကို အလုပ်သမားများ ရရှိနိုင်မည် မဟုတ်ကြောင်း ၀ါဏိဇ္ဖရုံးမှပြောကြားသည်ဟု မမိုးဝေကပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ်များက အလုပ်ရှင်နှင့် တွေ့ဆုံဆွေးနွေးကြရာ အလုပ်ရှင်ဘက်မှ ယခုလ ၉ ရက်နေ့တွင် လစာများထုတ်ပေးမည်ဟု ပြောကြောင်း ယင်းကဆက်လက်ပြောသည်။
ယခုအချိန်တွင် ဖေဖော်ဝါရီလအတွက် လစာကိုမရရှိသေးသဖြင့် အလုပ်သမားများအနေဖြင့် စားဝတ်နေရေး ကြပ်တည်းလျက်ရှိကြောင်း ၎င်းက ပြောသည်။
တိုင်းဒေသကြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရာတွင် ထူးခြားမှုမရှိပါက အလုပ်သမားများအပေါ်မူတည်ပြီးဆက်လက်ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မမိုးဝေက ဆက်ပြောသည်။
လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများသည် တရုတ်နှစ်သစ်ကူးရုံးပိတ်ရက် လစာငွေ ဖြတ်တောက်ခံရမှုအပေါ် မကျေနပ်သဖြင့် ယခင်လ ၆ ရက်နေ့မှ စတင်ဆန္ဒပြခဲ့ရာယမန်နေ့ဆိုလျင် တစ်လပြည့်ပြီဖြစ်သည်။
ယင်းအလုပ်သမားများသည် တစ်နာရီလျှင် လုပ်ခလစာ ၇၅ ကျပ်မှ ၁၅၀ ကျပ်တိုးမြှင့်ရရှိရေးနှင့် ရက်မှန်ကြေးတစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့ တိုးမြှင့်ရရှိရေး စသောအချက်များကို တောင်းဆိုထားပြီးအလုပ်ရှင်ဘက်မှ တစ်နာရီလျှင် လုပ်ခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး တစ်လလ၊ျှင် ၇၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် ကမ်းလှမ်းထားသည်။
အလုပ်သမား ၁၈၀၀ ၀န်းကျင်အနက် အချို့မှာအလုပ်ရှင်ဘက်မှတိုးမြှင့်ပေးသည့် နှုန်းထားကိုကျေနပ်ခြင်းမရှိသော်လည်း မိမိတို့၏ စားဝတ်နေရေးကြောင့် လုပ်ငန်းခွင်ပြန်ဝင်လျက်ရှိကြောင်း ယင်းအလုပ်သမားများ၏ခေါင်းဆောင် ဦးမျိုးမင်းသိန်းက ဆိုသည်။ ။




No comments:
Post a Comment